တရုတ် လေကြောင်းအင်အားကို တုံ့ပြန်နိုင်ရန် ဂျပန်က အက်ဖ်-၃၅ အေ တိုက်လေယာဉ်များ ဝယ်ယူရန် လိုလား

တရုတ် လေကြောင်းအင်အားကို တုံ့ပြန်နိုင်ရန် ဂျပန်က အက်ဖ်-၃၅ အေ တိုက်လေယာဉ်များ ဝယ်ယူရန် လိုလား

တိုကျို-တစ်ဟုန်ထိုး ချဲ့ထွင်လာသော တရုတ်နိုင်ငံ၏ လေကြောင်းအင်အားကို တုံ့ပြန်နိုင်ရန် ကြိုးပမ်းမှုအဖြစ် ၂၀၂၀ ဘဏ္ဍာနှစ် အစောပိုင်းကစ၍ ဂျပန်နိုင်ငံ လေကြောင်းကာကွယ်ရေး တပ်ဖွဲ့အတွက် အက်ဖ်-၃၅ အေ တိုက်လေယာဉ်အမျိုးအစား အစင်း ၂၀ ခန့် ဝယ်ယူရန် ဂျပန်အစိုးရက စဉ်းစားလျက်ရှိသည်ဟု ယိုမီယူရီရှင်ဘွန်း သတင်းစာက သတင်းရရှိခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ် သက်တမ်းလတ် ကာကွယ်ရေးစီမံချက်တွင် အဆိုပါ တိုက်လေယာဉ်ဝယ်ယူမှု အစီအစဉ်ကို တင်ပြမည်ဖြစ်ကြောင်း အစိုးရနှင့်နီးစပ်သော သတင်းအရင်းအမြစ်များထံမှ သိရသည်။ အက်ဖ်-၃၅ အေ တိုက်လေယာဉ်သစ်များကို အစိုးရ၏ လက်ရှိအစီအစဉ်ကို အခြေခံ၍တပ်ဖြန့်မည့် အက်ဖ်-၃၅ အေ တိုက်လေယာဉ်များတွင် ထပ်မံဖြည့်ဆည်းမည်ဖြစ်ရာအက်-၃၅ အေ အစင်း ၆၀ ခန့်ပါဝင်သော လေယာဉ်အုပ် တည်ထောင်သွားနိုင်မည်ဖြစ်သည်။ လေယာဉ်အုပ်တစ်အုပ်တွင် ပုံမှန်အားဖြင့် ဂျက်တိုက်လေယာဉ်အစင်း ၂၀ ခန့်သာ ပါဝင်သည်။

၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ် အတွင်း အဆိုပါ တိုက်လေယာဉ်အသစ်များကို မီရာဇာကီ စီရင်စုရှိ နယူတာဘာရု လေတပ်စခန်းနှင့် အီဘာရာကီ စီရင်စုရှိ ဟယာကုရိ လေတပ်စခန်းတို့တွင် ထားရှိရန် စဉ်းစားလျက်ရှိသည်။ နယူတာဘာရု လေတပ်စခန်းက ဂျပန်နိုင်ငံ အနောက်တောင်ဘက်နယ်မြေတွင် ကာကွယ်ရေးအင်အား ပိုမိုတောင့်တင်းမှုကို အထောက်အကူပြုနိုင်ပေသည်။ ၂၀၁၈ ခုနှစ်အကုန်တွင် တပ်ဖြန့်မည့်စခန်းစာရင်းကို အနည်းဆုံးဖြစ်အောင် လျှော့ချရန် အစိုးရက စီစဉ်လျက်ရှိသည်။

လက်ရှိ စီမံချက်ကို အခြေခံပြီး ဟောင်းနွမ်းနေသည့် အက်ဖ်-၄ တိုက်လေယာဉ်များအစား ရေဒါတွင် မပေါ်နိုင်သော ကိုယ်ပျောက်တိုက်လေယာဉ်များကို အစားထိုးရန် ၂၀၂၄ ခုနှစ်တွင် အက်ဖ်-၃၅ အေ တိုက်လေယာဉ် ၄၂ စင်း တပ်ဖြန့်ရန် အစိုးရက တင်ပြခဲ့သည်။

အက်ဖ်-၃၅ အေ တိုက်လေယာဉ်သစ်ကို ဇန်နဝါရီလတွင် အိုမိုရီ စီရင်စုရှိ မီဆာဝါ လေတပ်စခန်းတွင် စတင်တပ်ဖြန့်ခဲ့သည်။ အက်ဖ်-၃၅ အေ အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာ သန်း ၁၄၀ တန်ဖိုး ရှိကြောင်း ၂၀၁၉ ရသုံးမှန်းခြေ ငွေစာရင်း တောင်းဆိုမှုအရ သိရသည်။

လောလောဆယ် ဂျပန်နိုင်ငံ၏ လက်ရှိအသုံးပြုလေယာဉ်များဖြစ်သော အက်ဖ်”၁၅ အမျိုးအစား တိုက်လေယာဉ်အစင်း ၂၀ဝ ခန့်အစား အက်ဖ်-၃၅ အေ တိုက်လေယာဉ် အစင်း ၂၀ အစားထိုးဖွယ်ရှိသည်။ အက်ဖ်-၁၅ တိုက်လေယာဉ် အစင်း ၁၀ဝ ခန့်ကိုလည်း ၎င်းတို့၏ စွမ်းရည်တိုးတက်ရေး ဆောင်ရွက်ရန်အခက်ရှိနိုင်၍ အစားထိုးသွားမည်ဖြစ်သည်။ အက်ဖ်-၃၅ အေ ကိုယ်ပျောက် တိုက်လေယာဉ်အမျိုးအစားသည် ခေတ်အမီဆုံး တိုက်လေယာဉ် အမျိုးအစားများအနက် ပဉ္စမမျိုးဆက်ဖြစ်ပြီး စစ်သင်္ဘောများကို တိုက်ခိုက်နိုင်စွမ်း၊ လေကြောင်းတိုက်ခိုက်နိုင်စွမ်းနှင့် ကုန်းကြောင်း တိုက်ခိုက်နိုင်စွမ်းစသဖြင့် တိုက်ခိုက်နိုင်စွမ်းရည်များ ပြည့်စုံသော လေယာဉ်အမျိုးအစားဖြစ်သည်။

တရုတ်နိုင်ငံ၏ တာဝေးဒုံးကျည် ပစ်ခတ်နိုင်စွမ်းကို တုံ့ပြန်နိုင်ရန် ကီလိုမီတာ ၅၀ဝ အကွာအဝေး ပစ်ခတ်နိုင်စွမ်းရှိသော တာဝေးဒုံးကျည်များကို အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်များတွင် တပ်ဆင်ရန် အစိုးရက စီစဉ်ထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန အဆိုအရ စတုတ္ထနှင့် ပဉ္စမမျိုးဆက် တရုတ် ဂျက်တိုက်လေယာဉ်အရေအတွက်မှာ ၂၀၁၁ ခုနှစ်က ကိန်းဂဏန်းထက် နှစ်ဆနီးပါး တိုးလာခဲ့ပြီး ယခုအခါ ၈၅၂ စင်းအထိ ရှိလာပြီဖြစ်သည်။ ဂျပန်နိုင်ငံတွင်မူ ယခုနှစ်စက်တင်ဘာလအထိ တိုက်လေယာဉ် ၃၀၂ စင်းသာ ရှိသေးကြောင်းသိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံတွင် ပဉ္စမမျိုးဆက် ချန်တူး ဂျေ-၂၀ကိုယ်ပျောက်တိုက်လေယာဉ် ခြောက်စင်းရှိကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ဂျပန်နိုင်ငံက ၎င်း၏ ကျွန်းငယ်များကို ကာကွယ်ရန် လေယာဉ်ပြေးလမ်းအတိုတွင် ပျံတက်နိုင်မည့် အက်ဖ်-၃၅ ဘီ တိုက်လေယာဉ်များကို ဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်းသိရသည်။ အဆိုပါလေယာဉ်သစ်များကို ဝေးလံသောဒေသရှိ ကျွန်းများကာကွယ်ရေးအတွက် နိုင်ငံ၏စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း မျှော်မှန်းထားသည်။

ခန့်လင်းဦး ဘာသာပြန်သည်။