အိန္ဒိယ လေထုညစ်ညမ်းမှု လယ်သမားအကူအညီလို

အိန္ဒိယ လေထုညစ်ညမ်းမှု လယ်သမားအကူအညီလို

လာမည့်ရက်ပိုင်းအတွင်းမှာပင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာများတွင် စပါးစိုက်တောင်သူလယ်သမားများသည် လောလောလတ်လတ် ရိတ်သိမ်းထားသော လယ်ကွင်းများတွင် ရိုးပြတ်များကို မီးရှို့ကြတော့မည်။

အနံ့စူးရှသော မီးခိုးငွေ့များ လေထုထဲ တိုးဝင်တော့မည်။ ယင်းမီးခိုးငွေ့များသည် အရှေ့တောင်အရပ်သို့ ဦးတည်ပြီး ကမ္ဘာမှာ လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး ခံစားနေရသော အိန္ဒိယမြို့တော် နယူးဒေလီမြို့ကို လွှမ်းခြုံနေသည့် မီးခိုးမြူထုကြီးနှင့် သွား၍ ပူးပေါင်းတော့မည်။

နယူးဒေလီမြို့တော်တွင် နေထိုင်လျက်ရှိကြသော လူ ၂၉ သန်းသည် ဆိုးရွားလှသော လေထုညစ်ညမ်းမှုကို ရင်ဆိုင်နေရသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း အောက်တိုဘာလတိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတ်မှတ်ထားသော လူ့ကျန်းမာရေးကို ထိခိုက်နိုင်သော လေထုညစ်ညမ်းမှု အဆင့်ထက် အဆ ၃၀ အထက် မြင့်တက်နေကြောင်း သိရသည်။ မြို့တော်အတွင်းရှိ လေထုမှာ မြူဆိုင်းနေပြီး ဆောင်းရာသီတစ်ခုလုံး ညစ်ညမ်းနေခဲ့သည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် အိန္ဒိယ အစိုးရက စီမံချက်အသစ် ရေးဆွဲဆောင်ရွက်လျက်ရှိရာ ဒေလီမြို့တော်ရှိ နောက်ဆုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ကို ပိတ်ခဲ့ပြီး မြို့တွင်းရှိ စက်မှုလုပ်ငန်းများတွင် လောင်စာဆီ သုံးစွဲမှုကို ပိတ်ပင်ထားခဲ့သည်။ လေထုညစ်ညမ်းမှုကို ရင်ဆိုင်နေသည့် အချိန်တွင် အခြေအနေတစ်ခုကို ပြောင်းလဲပေးနိုင်မည့် လုပ်ရပ်မှာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သည့် ပန်ဂျပ်ပြည်နယ်တွင် ဆောင်ရွက်မှုဖြစ်သည်။ အစိုးရအာဏာပိုင်များက လယ်သမားများ ၎င်းတို့၏လယ်ကွင်းများတွင်ရိုးပြတ်များကို မီးမရှို့ရန် တားမြစ်မည်ဖြစ်သည်။

ဆောင်းရာသီတိုင်း အိန္ဒိယမြောက်ပိုင်းကို လွှမ်းခြုံထားသော မီးခိုးမြူထုတွင် ကားမီးခိုးငွေ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဖုန်မှုန့်များနှင့် စက်မှုလုပ်ငန်းထွက် ညစ်ညမ်းဓာတ်ငွေ့များပါဝင်ပြီး ဒေသတွင်း လေတိုက်နှုန်းနှင့်အပူချိန် အတက်အကျကို ထိန်းချုပ်ထားသည်။ စပါးစိုက်ရာသီ ကုန်ဆုံးပြီးနောက် သီးထပ်အဖြစ် ဂျုံကို စိုက်ပျိုးရန် လယ်သမားထောင်ပေါင်းများစွာက ကွင်းမီးရှို့ခြင်းကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့က လေထုညစ်ညမ်းမှုကို ပိုမိုဆိုးဝါးစေခဲ့သည်။

အစိုးရထောက်ပံ့ထားသော လေ့လာမှုအရ လယ်ကွင်းအတွင်းရှိ ရိုးပြတ်များကို မီးရှို့မှုက ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဒေလီမြို့တော် ဆောင်းဥတု လေထုညစ်ညမ်းမှုတွင် ၂၆ ရာခိုင်နှုန်း အကျိုးသက်ရောက်လျက်ရှိသည်။ လယ်သမားများ လယ်ကွင်းများ မီးရှို့ခြင်းကို တားမြစ်ရန်ကိစ္စမှာ အိန္ဒိယနိုင်ငံ၏ ကျယ်ပြန့်လာသော လေထုညစ်ညမ်းမှုအတွက် အသေးစား တားမြစ်ချက်ပုံစံငယ်ကဲ့သို့ဖြစ်နေသည်။ လေထုညစ်ညမ်းမှုကို နှစ်များစွာဖြစ်ပွားလျက်ရှိသည် တရုတ် အာဏာရှင်စနစ်ကဲ့သို့ မဟုတ်ဘဲ ဒီမိုကရက်တစ်စနစ်၏ ကန့်သတ်ချက်အတွင်းသာ အိန္ဒိယနိုင်ငံက လုပ်ဆောင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံအတွင်း လေထုညစ်ညမ်းမှု အရင်းအမြစ်များကို လျှော့ချရာတွင် အမြစ်တွယ်နေသော အကျိုးစီးပွားများကို ရင်ဆိုင်ရခြင်း၊ နိုင်ငံရေးပြိုင်ဆိုင်မှုကို ချိုးနှိမ်ရခြင်းနှင့် လူများ၏အပြုအမူကို ပြောင်းလဲရန် လှုံ့ဆော်ခြင်းတို့ပါဝင်သည်။

လေထုညစ်ညမ်းမှု လျော့နည်းရေး လှုပ်ရှားမှု အရှိန်နှင့် ပမာဏကို တရုတ်နိုင်ငံက ထိန်းသိမ်းနိုင်ပြီး သန့်ရှင်းသော လေရရှိရန် ဒီမိုကရေစီကို အလုပ်ဖြစ်အောင် ဆောင်ရွက်ရမည်ဟု ဒေလီမြို့တော်ရှိသိပ္ပံနှင့် ပတ်ဝန်းကျင်စင်တာ အမှုဆောင်ဒါရိုက်တာ အနူမီတာ ရွိုင်ချောင်ဒါရီက ပြောကြားခဲ့သည်။ ပန်ဂျပ်ပြည်နယ် အစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်တွင် စပါးရိတ်သိမ်းပြီးနောက်ကွင်းမီးရှို့မှု ၈၁,ဝ၀ဝ ခန့်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ၄၄,ဝ၀ဝ ခန့်လျော့ကျခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အောက်တိုဘာ ၁၂ ရက်တွင် မီးရှို့မှု ၅၀၉ ကြိမ်သာရှိတော့ကြောင်း သိရသည်။

ခန့်လင်းဦး ဘာသာပြန်သည်။