ဆစ်ဒ်နီ ” ဆပ်ဆက်စ်မြို့စားနဲ့ မြို့စားကတော်တို့ရဲ့သြစတြေးလျနိုင်ငံ တော်ဝင်ခရီးစဉ်ကို အောက်တိုဘာ ၁၆ ရက်က ပထမဆုံးနေ့အဖြစ်စတင်ခဲ့ရာမှာ ပြည်သူတွေက ကိုယ်ဝန်ရှိနေပြီလို့ ပြောပြထားတဲ့ မြို့စားကတော် မီဂန်မာကယ်လ်ကို စိတ်ဝင်စားနေကြပါတယ်။
မြို့စား ဇနီးမောင်နှံနေထိုင်မယ့် ဆစ်ဒ်နီ ဆိပ်ကမ်းဘေးမှာရှိတဲ့ စံအိမ်တော်ကြီးမှာ သူတို့ကို ပြည်သူက ကြိုဆိုတဲ့အခါ မီဂန်ဟာ သြစတြေးလျဒီဇိုင်နာ ကာရင်းဂီးချုပ်လုပ်ပေးထားတဲ့ နို့နှစ်ရောင် လက်ပြတ်ကိုယ်ကျပ်ဝတ်စုံအပေါ်ကနေ ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင် ထားတာမို့ ကိုယ်ဝန်ကြောင့် ဗိုက်ကလေးဖောင်းနေတာကို မမြင်ရပါဘူး။
ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကို မင်းသားဟယ်ရီနဲ့ အမေရိကန် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးဟောင်း မီဂန်တို့ ဆစ်ဒ်နီကိုရောက်ရှိပြီး အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက် သြစတြေးလျပြည်သူတွေရှေ့မှောက် ပထမဆုံးမထွက်ခင် ၁၅ နာရီအလိုမှာ ဖြစ်ပါတယ်။
ဆစ်ဒ်နီမှာ သူတို့ကို ဧည့်ခံကြိုဆိုမယ့် သြစတြေးလျ ဘုရင်ခံချုပ် ဆာပီတာ ကော့စ်ဂရုဗ်နဲ့ လေဒီလင်းကော့စ်ဂရုဗ်တို့က နေအိမ်မှာ သူတို့ဇနီးမောင်နှံကို ကြိုဆိုနှုတ်ဆက်တဲ့အခါ အံ့အားသင့်သွားအောင်လို့မိခင်သားပိုက်ကောင်ရဲ့ ဗိုက်ကပ်အိတ်ထဲမှာ သားပိုက်ကောင်လေးပါတဲ့ အရုပ်တစ်ရုပ်နဲ့ သြစတြေးလျသိုးသားရေနဲ့ချုပ်ထားတဲ့ ဖိနပ်သေးသေးလေးတစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။
အောက်တိုဘာ ၁၆ ရက်ခရီးစဉ်ရဲ့ အဓိကကတော့ အောက်တိုဘာ ၂၀ ရက်မှာ စတင်ပြုလုပ်မယ့် ှုညလငခအကျ ွောနျ ကို လာရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံ ၁၈ နိုင်ငံက အားကစားသမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဖြစ်ပါတယ်။ ဒီအားကစားပြိုင်ပွဲကြီးကို ဟယ်ရီက ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နာမကျန်းဘဲ ဒဏ်ရာရရှိထားတဲ့ စစ်မှုထမ်းတွေ၊ စစ်မှုထမ်းဟောင်းတွေဟာ ဘီးတပ်ကုလားထိုင်နဲ့ ဘတ်စကက်ဘော ကစားတာလိုမျိုးအားကစားတွေမှာ ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းပေးတာဖြစ်ပါတယ်။ အားကစားသမား ကိုယ်စားလှယ်တွေက မီဂန်ကို ကိုယ်ဝန်ဆောင်ထားတဲ့အတွက် ဝမ်းသာဂုဏ်ယူတယ်လို့ ပြောကြပါတယ်။
မီဂန် ကိုယ်ဝန်ရှိတယ်ဆိုတဲ့သတင်းဟာ သြစတြေးလျ နိုင်ငံတစ်ဝန်းက သတင်းတွေမှာ မျက်နှာဖုံးသတင်းဖြစ်ခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာ သြစတြေးလျ၊ ဖီဂျီ၊ တွန်ဂါနဲ့ နယူးဇီလန်နိုင်ငံတွေကို ၁၆ ရက်ကြာခရီးစဉ် အလည်အပတ်ထွက်မှာ ဖြစ်ပါတယ်။
ဟယ်ရီဟာ စစ်မှုထမ်းတဲ့အတွက်ကြောင့်ရော၊ ဒဏ်ရာရတဲ့စစ်သားတွေကိုယ်စား မမောနိုင်မပန်းနိုင် အလုပ်တွေလုပ်တာကြောင့်ပါ ဗြိတိန်မှာ သူ့ကို လူကြိုက်များလာပြီး သူဟာ မိသားစုဘဝလေး စတင်ချင်ပြီလို့ မကြာခဏပြောပါတယ်။
အသက် ၉၂ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးဟာ ပြည်သူလူထုနဲ့ထိတွေ့တဲ့ အစီအစဉ်တွေကို အနည်းငယ်လျှော့ချလိုက်တာ ဖြစ်တဲ့အတွက် မနှစ်ကစပြီး အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟယ်ရီနဲ့ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ မီဂန်တို့နဲ့အတူ မင်းသား ဝီလျံနဲ့သူ့ဇနီးဖြစ်သူ ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်တို့ဟာ ပြည်သူလူထုရှေ့မှောက်ကို ထွက်လာကြပါတယ်။
ဒုတိယမြောက် အဲလိဇဘက်ဘုရင်မကြီးဟာ ကမ္ဘာပေါ်မှာ နန်းသက်ရှည်ကြာဆုံး ဘုရင်မကြီးဖြစ်ပြီး ထီးနန်းဆက်ခံအုပ်စိုးလာတာ ၆၆ နှစ်ရှိပါပြီ။ ဘုရင်မကြီးမှာ သားသမီး လေးယောက်၊ မြေး ရှစ်ယောက်နဲ့ မြစ် ခုနစ်ယောက်ရှိပြီး လာမယ့်နှစ်နွေဦးရာသီမှာ မွေးဖွားမယ့် ဟယ်ရီရဲ့ ကလေးဟာ ဘုရင်မကြီးရဲ့ ရှစ်ယောက်မြောက်မြစ်ဖြစ်ပါတယ်။ ကလေးလေးဟာ ဗြိတိန်ထီးနန်းမှာ သတ္တမမြောက် ထီးနန်းမွေဆက်ခံရမယ့်သူ ဖြစ်ပါတယ်။


















