မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် အသစ်တည်ဆောက်မည့် ကားကြီးကွင်းသစ်တင်ဒါလျှောက်လွှာများအား အောက်တိုဘာ ၃၀ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ ကားကြီးကွင်းသစ်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများမှ လာရောက်လျှောက်ထား နိုင်ကြောင်း တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးဌာနမှ သိရသည်။
တိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက "ဒီကားကြီးကွင်းသစ်တည်ဆောက်မှုနဲ့ ပတ်သက်လို့ တင်ဒါခေါ်ယူသွားမယ်။ တင်ဒါကို ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ လာရောက်လျှောက်ထားနိုင်ပါတယ်။ တင်ဒါလျှောက်လွှာ များကို တိုင်းဒေသကြီးစည်ပင်ရုံးမှာ အောက်တိုဘာ ၃၀ ရက်မှာစတင် ရောင်းချပေးမှာပါ။ လျှောက်လွှာဝယ်ယူတဲ့အခါမှာလည်း အဆောက် အအုံဒီဇိုင်းနဲ့ စည်းမျဉ်းစည်းကမ်းများကိုပါ တစ်ပါတည်းပေးမှာပါ။ တင်ဒါလျှောက်လွှာခေါ်ယူမှုနဲ့ ပတ်သက်လို့ နိုင်ငံပိုင်သတင်းစာများမှာ အောက်တိုဘာ ၂၂ ရက်မှ စတင်ပြီးထည့်သွင်းကြေညာပေးသွားမှာ ဖြစ်ပါတယ်" ဟု အောက်တိုဘာ ၁၆ ရက်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုခဲ့သည်။















