အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရှိ နာမည်ကျော် ဆာဘရီမာလာဘုရားကျောင်းသို့ အမျိုးသမီးများအား ဝင်ရောက်ခွင့်ပြုရမည်ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၇ ရက်တွင် ဝတ်ပြုရန်လာရောက်သည့် အမျိုးသမီးများအား ရန်လိုနေသော လူအုပ်ကြီးက ကြားဖြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ရန်လိုနေသော ဆန္ဒပြသူများu အမျိုးသမီးဝတ်ပြုသူများကို တိုက်ခိုက်ခဲ့မှုကြောင့် အများစုသည် နောက်ကြောင်းလှည့်ပြန်ခဲ့ရသည်။ လူအုပ်ကြီးu ရဲတပ်ဖွဲ့သုံးယာဉ်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့ပြင် မှတ်တမ်းတင်နေသည့် မီဒီယာသမားများကိုလည်း တိုက်ခိုက်ခဲ့မှုကြောင့် မီဒီယာသမားတချို့လည်း ဒဏ်ရာရရှိခဲ့သည်။
လစဉ်သွေးပေါ်နေဆဲ အသက်အရွယ်ရှိ အမျိုးသမီးများအား ကျောင်းတော်တွင်းမဝင်ရဟု ဆာဘရီမာလာဘုရားကျောင်းက ယခင်က ပိတ်ပင်ချက်ထုတ်ပြန်ခဲ့သည်။ ဟိန္ဒူဘာသာအရ လစဉ်သွေးဆင်းသည့် အမျိုးသမီးများသည် မသန့်ရှင်းသူများအဖြစ် သတ်မှတ်ခံထားရပြီး ဘာသာရေးအရ ဆောင်ရွက်မှုများတွင် ပါဝင်ခွင့်မရရှိခဲ့ချေ။
သို့သော် အမျိုးသားနှင့် အမျိုးသမီးများသည် ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ ဓလေ့အတိုင်းကျင့်သုံးခွင့်ရှိနေကြောင်း တရားလွှတ်တော်ချုပ်က လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့သည်။ ဘုရားကျောင်းသည် အမျိုးသမီးများအား တံခါးဖွင့်ပေးခဲ့သော်လည်း ဆန္ဒပြမှုများကြောင့် တစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခွင့်မရခဲ့ချေ။
အမျိုးသမီးများစွာပါဝင်သော ဆန္ဒပြသူများသည် လမ်းများကိုပိတ်ဆို့ခြင်း၊ အသက် ၁၀ နှစ်မှ ၅၀ နှစ်ကြား အမျိုးသမီးများ မော်တော်ယာဉ်များထဲတွင် ပါဝင်လာခြင်းရှိမရှိကိုသိရှိရန် မော်တော်ယာဉ်များကို တားဆီးရှာဖွေခြင်းတို့ကိုပြုလုပ်ခဲ့သည်။ သက်တမ်း ၈၀ဝ နီးပါးရှိပြီဟု ယူဆရသည့် အဆိုပါ ဘုရားကျောင်းသို့ နှစ်စဉ်နှစ်တိုင်း အမျိုးသားသန်းပေါင်းများစွာ လာရောက်ကာ ဝတ်ပြုလေ့ရှိခဲ့သည်။ ၎င်းတို့မှာ ဝတ်မပြုမီတွင် ၄၁ ရက်ကြာ ဥပုသ်စောင့်လေ့ရှိသည်။
၂၀၁၆ ခုနှစ်တွင် အမျိုးသမီးကျောင်းသူများက ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ဘုရားကျော်ထဲသို့ အမျိုးသမီးများကို ဝင်ရောက်ဝတ်ပြုခွင့်ပေးရန် တောင်းဆိုမှုများ အရှိန်ရလာခဲ့သည်။ အမျိုးသမီးများ သန့်စင်ခြင်းရှိမရှိသို့မဟုတ် လစဉ်သွေးဆင်းခြင်းမရှိမရှိကို စစ်ဆေးပေးမည့် စက်ကိရိယာတစ်ခုပေါ်ပေါက်မှသာ အမျိုးသမီးများအား ကျောင်းတော်တွင်းဝင်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း ဘုရာကျောင်းဂေါပကအဖွဲ့အကြီးအကဲက ထုတ်ပြန်ခဲ့ပြီးနောက် ကျောင်းသူများ မကျေမနပ်ဖြစ်ခဲ့ကြသည်။
အမျိုးသမီးများအား ဘုရားကျောင်းတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားသည့် တန်းတူညီမျှခွင့်ကို ချိုးဖောက်နေခြင်းသာဖြစ်ကြောင်း အမျိုးသမီးများက တရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့သည်။

















