ဗီယက်နမ်ပျော့ဖတ်နှင့်စက္ကူလုပ်ငန်ရှင်များအသင်း (VPPA) နှင့် ဗီယက်နမ်ကုန်သည် ကြီးများအသင်း (VCCI) တို့ ဗီယက်နမ်စက္ကူလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာဆွေးနွေး ပွဲကို လတ်တလော ဟနွိုင်း၌ ကျင်းပခဲ့သည်။ အသုံးပြုပြီးစက္ကူများအား ပျော့ဖတ်ပြု လုပ်ပြီး ပြန်လည်အသုံးပြုရေးဆိုင်ရာ မူဝါဒသတ်မှတ်ရေးအတွက် ဆွေးနွေးအဖြေရှာရန် ဖြစ်ကြောင်း ဆိုသည်။
ဗီယက်နမ်စက္ကူလိုအပ်ချက်မှာ တိုးတက်များပြားနေပြီး လာမည့် နှစ်များတွင် ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟုခန့်မှန်းထားကြောင်း၊ နှစ်စဉ်စက္ကူတန်ချိန် နှစ်သန်းခန့်တင်သွင်းရန်လိုအပ်နေကြောင်း ဗီယက်နမ်ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းရှင်များအသင်း (VPPA) က ဆိုသည်။
ဗီယက်နမ်စက္ကူ ၇၀ ရာခိုင်နှုန်းမှာ တစ်ဆင့် ပြန်လည်ထုတ်လုပ်သည့်စက္ကူများဖြစ်ကြောင်း၊ ယင်းအနက်မှ ၄၀ ရာခိုင်နှုန်း သာလျှင် ပြည်တွင်းမှရပြီး ကျန်သည်ကို ပြည်ပမှတင်သွင်းရကြောင်းဖြင့် ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန အသေးစားစက်မှုလုပ်ငန်းဌာနမှညွှန်မှူး ဖန်ချိဒေါင်က ဆိုသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုပြုနေသည့် လုပ်ငန်းကြီးများအနေဖြင့် လုံခြုံစိတ်ချရပြီး သန့်ရှင်းသည့် စက္ကူကုန်ကြမ်းရင်းမြစ်များရရှိရန်လိုအပ်ကြောင်း၊ ပြည်တွင်းမှရရှိမှုနည်းပါး လာသဖြင့် ပြန်လည်အသုံးပြုမည့်စက္ကူကုန်ကြမ်းကို ပြည်ပမှတင်သွင်းရကြောင်း ဆိုသည်။
စက်ရုံများအနေဖြင့် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် တင်းကျပ်သောစီမံခန့်ခွဲမှုမူဝါဒ မရှိလျှင် ကုန်ကြမ်းအသစ်သုံးသည်ဖြစ်စေ၊ အဟောင်းသုံးသည်ဖြစ်စေ၊ ပြည်တွင်းမှဝယ်ယူ စုဆောင်းသည်ဖြစ်စေ၊ ပြည်ပမှတင်သွင်းသည်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအလား အလာပိုများလာနေကြောင်း ဆိုသည်။
စက္ကူထုတ်လုပ်ရေးလောကတွင် ပြန်လည်အသုံးပြု ရသည့်စက္ကူဟောင်းမှာ အစားထိုးမရနိုင်သည့်ရင်းမြစ်ဖြစ်ကြောင်း ဗီယက်နမ်ပျော့ဖတ်နှင့် စက္ကူလုပ်ငန်ရှင်များအသင်း(VPPA)က ဒုဥက္ကဋ္ဌဟောင်ထရန်ဆွန်က ဆိုသည်။
















