ဆော်ဒီ သတင်းသမား ဂျမား ခါရှောဂီ အသတ်ခံရသည်ဟူသော စွပ်စွဲချက်အတွက် ဗီဒီယိုသက်သေများ ထုတ်ပြန်ပေးရန် တူရကီကို အမေရိကန် တောင်းဆို

ဆော်ဒီ သတင်းသမား ဂျမား ခါရှောဂီ အသတ်ခံရသည်ဟူသော စွပ်စွဲချက်အတွက် ဗီဒီယိုသက်သေများ ထုတ်ပြန်ပေးရန် တူရကီကို အမေရိကန် တောင်းဆို

ဆော်ဒီ သတင်းသမား ဂျမား ခါရှောဂီသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံရကာ အစဖျောက်ခံခဲ့ရသည်ဟု တူရကီက စွပ်စွဲထားခြင်းအတွက် သက်သေ ဗီဒီယိုဖိုင်များ ထုတ်ပြန်ပေးရန် အမေရိကန်အစိုးရက တူရကီအစိုးရကို တောင်းဆိုလိုက်ကြောင်း သိရသည်။

"တူရကီက သက်သေ ဗီဒီယိုဖိုင်တွေရှိတယ်လို့ ပြောနေပါတယ်။ ရှိတယ်ဆိုရင် စစ်ဆေးကြည့်ချင်ပါတယ်" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် သတင်းသမားများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။ ဆော်ဒီအာရေဗျနှင့် တူရကီသို့ သွားရောက်နေသော နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုထံမှ အစီရင်ခံစာကိုလည်း စောင့်နေကြောင်း သမ္မတ ထရမ့်က ပြောသည်။ ဆော်ဒီကို ကာကွယ်ပေးနေသည်ဟု နိုင်ငံတကာက ဝေဖန်နေမှုများကိုလည်း သမ္မတ ထရမ့်က ပယ်ချလိုက်ပြီး "ကာကွယ်ပေးနေတာ မဟုတ်၊ အဖြစ်မှန်ကို ဦးဆုံးဖော်ထုတ်ရန်သာဖြစ်သည်" ဟု ချေပပြောကြားထားသည်။

အောက်တိုဘာ ၂ ရက်က ကောင်စစ်ဝန်ရုံးအတွင်း ဝင်သွားပြီးနောက်ပိုင်း မစ္စတာ ခါရှောဂီကို မတွေ့ရတော့ခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျ အစိုးရကမူ ခါရှောဂီကို သတ်ပစ်လိုက်သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ခါရှောဂီသည် အရှေ့အလယ်ပိုင်းဒေသအတွင်း သတင်းလွတ်လပ်ခွင့် ချိုးနှိမ်ခံနေရမှုများကို ဝါရှင်တန်ပို့စ် အပါအဝင် နိုင်ငံတကာ မီဒီယာများတွင် ဝေဖန်ရေးသားနေသူဖြစ်သည်။ ခါရှောဂီ နောက်ဆုံး ရေးသားသွားသည့် အရှေ့အလယ်ပိုင်းဒေသတွင်း သတင်းလွတ်လပ်ခွင့်ဆိုင်ရာ သုံးသပ်ဆောင်းပါးတစ်ခုကိုလည်း ဝါရှင်တန်ပို့စ်က ပုံနှိပ်ဖော်ပြလိုက်သည်။ အာရပ်ကမ္ဘာသည် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်လျှင် ပြင်ပက ဖိနှိပ်မှုထက် အာဏာမက်သော အတွင်းထဲမှလူများ၏ ဖိနှိပ်မှုဒဏ်ကို ပိုခံနေရကြောင်းလည်း ခါရှောဂီက ထောက်ပြရေးသားထားသည်။

ဆော်ဒီသည် အမေရိကန်၏ ကာလရှည် မိတ်ဖက်နိုင်ငံဖြစ်ရာ ခါရှောဂီ ပျောက်ဆုံးမှုအရေးကြောင့် အမေရိကန်အစိုးရသည်လည်း မိတ်ဖက်ဆက်ဆံရေး မပျက်စေရန် ချိန်ညှိနေရသည့် အကျဉ်းအကျပ်ထဲ ရောက်နေသည်။