အမေရိကန်ကျွမ်းဘား အားကစားမယ် ၃၀ဝ ကျော်ကို လိင်အမြတ်ထုတ်ခဲ့သည့် အားကစားအဖွဲ့ ဆရာဝန် လာရီ နက်ဆာအမှုနှင့် ပတ်သက်ပြီး သက်သေ စာရွက်စာတမ်း အချက်အလက်များ ဖျောက်ဖျက်ခဲ့မှုဖြင့် အမေရိကန်ကျွမ်းဘားအဖွဲ့ ဥက္ကဋ္ဌဟောင်း စတိဗ် ပန်နီကို တင်နက်ဆီပြည်နယ်တွင် အောက်တိုဘာ ၁၇ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကျွမ်းဘားအဖွဲ့ ဆရာဝန် နက်ဆာသည် ကျွမ်းဘားကစားသမား အမျိုးသမီးကြီးငယ် သုံးရာခန့်ကို ဆေးစစ်ဆေးမှု ဟန်ပြကာ လိင်ပိုင်းဆိုင်ရာ အသားယူ အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့မှုဖြင့် ထောင်ဒစ် နှစ် ၃၀ဝ ကျော် ချမှတ်ခံခဲ့ရပြီးဖြစ်သည်။ နက်ဆာ အမှုကို စုံစမ်းစစ်ဆေးမှုကာလအတွင်း ကျွမ်းဘားအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စတိဗ် ပန်နီသည် ကျွမ်းဘား လေ့ကျင့်ရေးဌာနမှ နက်ဆာနှင့် ပတ်သက်သော စာရွက်စာတန်း အချက်အလက်များကို ဖျက်ဆီး ဖျောက်ဖျက်ပစ်ခဲ့ကြောင်း ဂျူရီ လူကြီးအဖွဲ့က ဆုံးဖြတ်ကာ ဖမ်းမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးမှုကာလအတွင်း ၂၀၁၇ ခုနှစ်၌ မစ္စတာ ပန်နီသည် အမေရိကန် ကျွမ်းဘားအဖွဲ့ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဆရာဝန် နက်ဆာသည် ကျွမ်းဘား အားကစားမယ်များကို ကျန်းမာရေးစစ်ဆေးမှုဟု အကြောင်းပြကာ အမေရိကန်ကျွမ်းဘားအဖွဲ့ချုပ်ရုံးနှင့် မီရှီဂန် ပြည်နယ် တက္ကသိုလ်တို့တွင် လိင်အသားယူ အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ စစ်ဆေးမှုများအရ ဥက္ကဋ္ဌဟောင်း ပန်နီသည် တက္ကဆက်ပြည်နယ် ဝေါ်ကာ စီရင်စုရှိ ခါရိုဂျီ ရန့် ကျွမ်းဘား လေ့ကျင့်ရေးစင်တာတွင် နက်ဆာ၏ ဆေးစစ်မှုဆိုင်ရာ မှတ်တမ်းအချက်အလက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခြင်းမပြုနိုင်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့ကြောင်း ဂျူရီ လူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့သည်။
တင်နက်ဆီပြည်နယ်တွင် ဖမ်းဆီးခံထားရသော မစ္စတာ ပန်နီကို တက္ကဆက်ပြည်နယ်သို့ လွှဲပို့ကာ ရုံးတင်စစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်ထိ ကျခံရနိုင်ကာ ဒဏ်ငွေ ဒေါ်လာ တစ်သောင်းထိလည်း ပေးဆောင်ရနိုင်သည်။

















