အမေရိကန်သို့ထွက်သွားရန် သဘောတူညီမှုဖြင့် ဘလော့ဂါတစ်ဦးအား ဗီယက်နမ်အစိုးရ ပြန်လွှတ်

အမေရိကန်သို့ထွက်သွားရန် သဘောတူညီမှုဖြင့် ဘလော့ဂါတစ်ဦးအား ဗီယက်နမ်အစိုးရ ပြန်လွှတ်

အမေရိကန်ပြည်ထောင်စုသို့ထွက်ခွာသွားပါက လွှတ်ပေးမည်ဆိုသည့် သဘောတူညီချက်ဖြင့် ဗီယက်နမ်အစိုးရက ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီးဖြစ်သည့် နာမည်ကျော် ဘလော့ဂါတစ်ဦးအား အောက်တိုဘာ ၁၇ ရက်တွင် ပြန်လွှတ်ပေးလိုက်သည်။

ငုယင် ငေါ့ နျူ ချူသည် ကွန်မြူနစ်အစိုးရကို အကြည်ညိုပျက်စေမှုစွဲချက်များဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။ ချူသည် လူ့အခွင့်အရေးနှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရပုံများကို ရေးသားခဲ့သူဖြစ်သည်။ အငယ်ဆုံးသမီးလေး၏အမည်ဖြစ်သည့် မှိုလေးကို အစွဲပြုပြီး ချူအား မှိုလေးရဲ့ မေမေဟုလည်း ခေါ်ဆိုခဲ့ကြသည်။

အသက် ၃၉ နှစ်အရွယ် ချူသည် မိခင်ဖြစ်သူ၊ ကလေးနှစ်ဦးနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ အောက်တိုဘာ ၁၇ ရက်တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း မိတ်ဆွေများကပြောဆိုခဲ့သည်။ ချူလွတ်မြောက်ခြင်းသည် သတင်းကောင်းဖြစ်သော်လည်း ဗီယက်နမ်တွင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများ အခက်ကြုံနေရဆဲဖြစ်ကြောင်း ချူ၏ ရှေ့နေ ဟာဟေးဆွန်ကပြောဆိုခဲ့သည်။

ဇွန်တွင် ဗီယက်နမ်ကွန်မြူနစ်အာဏာပိုင်များသည် လူ့အခွင့်အရေးရှေ့နေ ငုယင် ဗန် ဒိုင်ကို ပြန်လွှတ်ပေးခဲ့ပြီး အခြားအတိုက်အခံတစ်ဦးနှင့်အတူ ဂျာမနီသို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် ဗီယက်နမ်သို့သွားရောက်ချိန်နှင့် ချူလွတ်မြောက်ချိန်တို့ တိုက်ဆိုင်နေသည်။

အထူးစီးပွားရေးဇုန်တည်ဆောက်ရေးဥပဒေအား ဆန့်ကျင်ကြရန် အလုပ်သမားများကို တောင်းဆိုထားသည့် စာရွက်စာတမ်း ၃၃၀ ကျော်ထုတ်လုပ်ခဲ့မှုဖြင့် လှုပ်ရှားသူ ငုယင် ဒင်သန်းအား ဘင်ဒေါင်ခရိုင်ရှိ တရားရုံးတစ်ရုံးက အောက်တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့သည်။ ဥပဒေနှင့်ပတ်သက်၍ ဇွန်တွင် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ အဆိုပြုထားသည့် ဥပဒေသည် တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက်သာ အကျိုးရှိစေကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။