အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး အမ် ဂျေ အက္ကဘာသည် သတင်းစာအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း အမျိုးသမီးများစွာကို လိင်ပိုင်းထိကပါးရိကပါးလုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီးနောက် အောက်တိုဘာ ၁၇ ရက်တွင် ရာထူးမှနုတ်ထွက်လိုက်သည်။
အက္ကဘာသည် အယ်ဒီတာအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် ၎င်းတို့ကို လိင်ပိုင်းထိကပါးရိကပါးလုပ်ခဲ့ကြောင်း အမျိုးသမီး ၂၀ ဦးတို့က စွပ်စွဲပြောဆိုခဲ့သည်။ ယင်းစွပ်စွဲချက်များကို ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အက္ကဘာကပြောဆိုခဲ့သည်။ အက္ကဘာသည် ၎င်းကိုပထမဆုံးစွပ်စွဲခဲ့သည့် အမျိုးသမီးကို အသရေဖျက်မှုဖြင့် ပြန်လည်တရားစွဲဆိုထားသည်။
အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် အက္ကဘာသည် အိန္ဒိယအမျိုးသားကွန်ဂရက်စ်ပါတီ အာဏာရချိန်အတွင်း ၁၉၈၉ မှ ၁၉၉၁ ခုနှစ်အထိ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက်တွင် အက္ကဘာသည် The Telegraph ၊ The Asian Age နှင့် အခြားသတင်းစာများစွာတို့တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သုတစာပေစာအုပ်များစွာကိုရေးသားခဲ့ကာ အိန္ဒိယသတင်းမီဒီယာလောကတွင် သြဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။
၂၀၁၄ ခုနှစ် မတ်တွင် အက္ကဘာသည် ဗရာတီယ ဇာနတပါတီဝင်ဖြစ်လာပြီး ၂၀၁၄ ခုနှစ်တွင် ရွေးကောက်ပွဲတွင် ပါတီ၏ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်တွင် အက္ကဘာသည် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ထောက်ဝန်ကြီးဖြစ်လာပြီး နိုင်ငံတကာကွန်ဖရန့်စ်များတွင် အိန္ဒိယကို ကိုယ်စားပြုသူဖြစ်လာခဲ့သည်။
အိန္ဒိယရှိ သတင်းခန်းများထဲတွင် လိင်ပိုင်းထိကပါးရိကပါးလုပ်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည့် Vogue မဂ္ဂဇင်းပါ ဆောင်းပါးတွင် သက်ဆိုင်သူ အမျိုးသားသည် အက္ကဘာဖြစ်ကြောင်း ဂျာနယ်လစ် ပရီယာ ရာမာနီက တွစ်တာ၌ အောက်တိုဘာ ၈ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ မီဒီယာနယ်ပယ်ရှိ အခြားအမျိုးသမီးများကလည်း အက္ကဘာသည် အလုပ်အင်တာဗျူးများကို ညအချိန်တွင် ဟိုတယ်ခန်းများတွင်း ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ အလုပ်သင်များနှင့် ဝန်ထမ်းအမျိုးသမီးများအား အက္ကဘာသည် လက်သရမ်းခြင်း၊ အလိုမတူဘဲ အကြင်နာပေးခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း အမျိုးသမီးများက စွပ်စွဲခဲ့သည်။
အက္ကဘာ၏ အသရေဖျက်မှုတရားစွဲဆိုမှုကို ကြားနာရာတွင် တက်ရောက်ခွင့်ပေးပြီး လိင်ပိုင်းထိကပါးရိကပါးလုပ်မှုမျာကို ထွက်ဆိုခွင့်ပေးပါရန် အမျိုးသမီး ၂၀ ဦးတို့က အောက်တိုဘာ ၁၆ ရက်တွင် တရားရုံးသို့ လျှောက်ထားခဲ့သည်။

















