ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးရရန် သေချာနေကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က ဗာတီကန်စီးတီး၌ အောက်တိုဘာ ၁၇ ရက်တွင် ပြောဆိုခဲ့သည်။
မွန်းသည် စိန့်ပီတာဘုရားကျောင်း၌ အောက်တိုဘာ ၁၇ ရက် အနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက်ဆုတောင်းပွဲတွင် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ထိပ်တန်းသံတမန် ကာဒီနယ် ပေထရို ပါရိုလင်က ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မွန်းသည် အောက်တိုဘာ ၁၈ ရက်တွင် ဖရန်စစ်နှင့်တွေ့ဆုံခဲ့သည်။
ယနေ့ဆုတောင်းပွဲသည် လက်တွေ့အဖြစ်အပျက်အဖြစ်ပြောင်းလဲသွားပြီး ကိုရီးယားကျွန်းဆွယ်၌ ကွဲပြားမှုများကို ကျော်လွှားကာ ငြိမ်းချမ်းရေးလာမည်ဟု ယုံကြည်ပါကြောင်း တောင်ကိုရီးယားသမ္မတကပြောဆိုခဲ့သည်။ ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးအရ တင်းမာမှုများလျှော့ချရန် မွန်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် လွန်ခဲ့သောလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ပုပ်ရဟန်းမင်းကြီးကို မြောက်ကိုရီးယားက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ကင်က ပြောဆိုခဲ့သည်ဟု မွန်းက ဆိုသည်။
ပြုံယမ်းသို့ စက်တင်ဘာတွင် သွားရောက်စဉ်အတွင်း တောင်နှင့်မြောက်ကိုရီးယားတို့ရှိ ဘုရားကျောင်းများကြား ဆက်ဆံရေးကောင်းမွန်စေရေးအတွက် ကိုရီးယားကက်သလစ်ဘုန်းကြီးတစ်ပါး ၎င်းနှင့်တူ လိုက်ပါခဲ့ကြောင်း ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်သည့် မွန်းကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် နိုင်ငံသားများ၏ဘာသာရေးအရ လုပ်ဆောင်မှုများကို တင်းကျပ်စွာထိန်းချုပ်ထားသည်။ ၂၀ဝ၀ ပြည့်နှစ် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးပြီးနောက် ယင်းအချိန်က ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါအား မြောက်ကိုရီးယားသို့လာရောက်ရန်ဖိတ်ကြားခဲ့သော်လည်း ကက်သလစ်ဘုန်းကြီးများကို မြောက်ကိုရီးယား၌ လက်ခံမှသာ ခရီးစဉ်ဖြစ်မြောက်နိုုင်မည်ဖြစ်ကြောင်း ဗာတီကန်က ယင်းအချိန်က ပြောဆိုခဲ့သည်။
မြောက်ကိုရီးယား၌ ကက်သလစ်ဘာသာဝင် ၈၀ဝ မှ ၃၀ဝ၀ ဦးအထိရှိမည်ဟု ခန့်မှန်းထားသည်။ တောင်ကိုရီးယား၌ ကက်သလစ်ဘာသာဝင် ငါးသန်းကျော်ရှိနေသည်။

















