ပုသိမ်မြို့နယ် သစ်တော်ပင်ကျေးရွာတွင် ဆင်ဖမ်းမုဆိုး ၃ ဦးကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ ညနေ ၁ နာရီခွဲ အချိန်တွင် ချောင်းသာ-ငွေဆောင် ဆက်သွယ်လမ်း၊ မိုင်တိုင် အမှတ် ၂/၃တွင် မသင်္ကာသူ ၂ဦးကို အမှတ်(၄)အခြေစိုက် စခန်းမှ ဒုရဲအုပ်ဟိမ်းဇော်ထွန်း၊ သစ်တောဦးစီးဌာနမှ တောခေါင်းအောင်တင့်ခိုင် ဦးစီးသော ပူးပေါင်းအဖွဲ့က နယ်မြေကင်းလှည့်ဆောင်ရွက်စဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့သို့ဖမ်းဆီး စစ်ဆေးစဉ် တစ်ဦးမှာ တောတွင်းသို့ ထွက်ပြေးခဲ့ပြီး ခြေထောက်ကွင်းကျေးရွာနေသူ စောထူးညော ၃၂ နှစ်ကို ဖမ်းဆီးစစ်ဆေးရာ ၄င်း၏ လွယ်အိတ်အတွင်းမှ အရိုးအသွား တစ်ပေခန့်ရှိ ဓားမြှောင်တစ်လက်၊ ၈လက်မခန့်ရှိ စတီးဓားမြှောင်တစ်လက်၊ ပင်နီဆလင် ပုလင်းဖြင့်ထည့်ထားသော အဆိပ်ပုလင်း ၃ လုံးကိုတွေရှိခဲ့သည်။
စစ်ဆေးချက်အရ တောဆင်ရိုင်းသတ်ဖြတ်ရန်နေရာ ပြသမည်ဟု ၎င်းက ထွက်ဆိုသဖြင့် ညနေ၃ နာရီအချိန်တွင် သလပ်ခွကြိုးဝိုင်း အကွက်အမှတ်(၅)သို့ ရောက်ရှိခဲ့ပြီး ဆင်ဖမ်းမုဆိုး နိုင်ထက်ကျော်(၁၈နှစ်)၊ ကျော်ဘဟိန်း(၅၆နှစ်) ၂ဦးကို ထပ်မံဆီးရမိခဲ့သည်။
၄င်းတို့ ၂ ဦးထံမှ အဆိပ်ပုလင်း ၃ လုံး၊ သံဘောစိ ၉ လုံး၊ ရမ်းမှုတ် ၁ ပုလင်း၊ မီးကူးယမ်း ၃ ဗူး၊ ပြောင်းဝအကျယ် ၀.၅ လက်မခန့် တူမီးသေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
၄င်းတို့ ၃ ဦးကို သလပ်ခွာနယ်မြေရဲစခန်းမှ ရဲအုပ် ဝင်းမြင့်ထွန်းထံ လွှဲပြောင်းကာ အမှုဖွင့် အရေးယူထားသည်။
















