ယခုနှစ် တတိယသုံးလပတ်အတွက် ကမ္ဘာ့ဒုတိယအားအကောင်းဆုံးဖြစ်သည့် တရုတ်၏စီးပွားရေး တိုးတက်နှုန်းသည် မျှော်မှန်းခဲ့သလောက် ပြည့်မီခြင်းမရှိဘဲ ၆ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့ရာ ၂၀ဝ၉ ခုနှစ်နောက်ပိုင်း အနှေးကွေးဆုံးတိုးတက်မှု ဖြစ်နေကြောင်း သိရသည်။
ယင်းသို့ တိုးတက်မှုကျဆင်းရခြင်းသည် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့်ဖြစ်ပြီး အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေခြင်းသည်လည်း တစ်ကြောင်းဖြစ်သည်။ စက်တင်ဘာတွင်ကုန်ဆုံးသည့် သုံးလတာအတွက် တိုးတက်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းရှိခြင်းသည် ရှေ့သုံးလတာတိုးတက်နှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်းထက်လည်း ကျဆင်းခဲ့ခြင်း ဖြစ်ပြီး ၂၀ဝ၉ ခုနှစ်နောက်ပိုင်း အနှေးကွေးဆုံးဖြစ်သည်။
တရုတ်စီးပွားရေးမူဝါဒ ချမှတ်သူများသည် လွန်ခဲ့သည့်လများအတွင်း အေးစက်နေသည့်စီးပွားရေးကိုထောက်ပံ့ရန် ကြိုးပမ်းခဲ့ရသည်။ တရုတ်သည် ကြွေးမြီအဆင့်မြင့်တက်လာခြင်းနှင့် အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခြင်း အပါအဝင် စီးပွားရေးစိန်ခေါ်မှုများ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။
အမေရိကန်နှင့် ကုန်သွယ်ရေးအငြင်းပွားရာမှ ဖြစ်ပွားလာသည့်ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုများကို လာမည့်လများအတွင်း မြင်တွေ့ရနိုင်ပြီး တိုးတက်မှုနှုန်းကို ချိန်ဆရဦးမည်ဖြစ်သည်။ မည်သို့ဖြစ်စေ တိုးတက်မှုနှုန်း ကျဆင်းခဲ့သည့်တိုင် တရုတ်အစိုးရက တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရရှိရန် မျှော်မှန်းချက်မှာ ဘောင်ဝင်နေဆဲဖြစ်သည်။
တရုတ်စီးပွားရေးအားလေ့လာနေသည့် ကျွမ်းကျင်သူအချို့က မကြာမီက ပေကျင်းသို့ရောက်ရှိခဲ့စဉ် တရုတ်နိုင်ငံသည် စီးပွားရေးတွင် အန္တရာယ်ရှိသည့်စွန့်စားမှုကိုများကို စနစ်တကျစီမံရန် ကြိုးပမ်းနေစဉ် တစ်ချိန်တည်းတွင် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရမည်ကို မမျှော်လင့်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ကြွေးမြီများ ပုံမှန်ထက် လွန်စွာများပြားနေခြင်းကို ထမ်းပိုးထားရခြင်းကြောင့် ၂၀ဝ၈ ခုနှစ်နောက်ပိုင်းတွင် ပြုလုပ်ခဲ့သည် စီးပွားရေးအား နှိုးဆွရန်အတိုင်းအတာဖြင့် ဆောင်ရွက်ရန် မူဝါဒချမှတ်သူများ ဝန်လေးနေကြသည်။ ယင်းကြောင့် စစ်မျက်နှာနှစ်ဘက် ဖွင့်နေရသဲ့သို့ဖြစ်သည့် တရုတ်အတွက် ညှိနှိုင်းဆွေးနွေးရန် များစွာရွေးချယ်ရန်မရှိချေ။
တရုတ်သည် စီးပွားရေးတိုးတက်နှုန်းအတွက် ပို့ကုန်အပေါ်မှီခိုရမှုကို လျှော့ချရန် ပြည်တွင်းစားသုံးမှု ပိုမိုတိုးတက်လာရန် နှစ်များစွာ ကြိုးပမ်းခဲ့သည်။ တစ်ချိန်တည်းတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကို တွန်းတင်ရန် ဆောင်ရွက်ရာမှ ကြွေးမြီမြင့်တက်ခြင်း၊ အိမ်ခြံမြေလုပ်ငန်းဖောင်းပွခြင်းတို့ကို စီးပွားတိုးတက်နှုန်းကို မထိခိုက်စေဘဲ တိုက်ပွဲဝင်ခဲ့ရကြောင်းလည်း သိရသည်။

















