အာဖရိကအမျိုးသမီးများ သားသမီးများများယူမှုအပေါ် ပြောဆိုမှုအတွက် ပြင်သစ်သမ္မတမာခရွန် ဝေဖန်ခံရ

အာဖရိကအမျိုးသမီးများ သားသမီးများများယူမှုအပေါ် ပြောဆိုမှုအတွက် ပြင်သစ်သမ္မတမာခရွန် ဝေဖန်ခံရ

ပြင်သစ်သမ္မတဧမာနွေလမာခရွန်သည် အာဖရိကတွင် အမျိုးသမီးများ၊ မျိုးပွားမှုတို့နှင့်ပတ်သက်၍ ပြောဆိုခဲ့သည့် စကားအတွက် ပြည်တွင်းနှင့် ပြည်ပရှိသားသမီးများစွာရှိသော အမျိုးသမီးများ၏ဝေဖန်ခြင်းကိုခံနေရပြီဖြစ်သည်။

အာဖရိကလူဦးရေ၏အဓိကပြဿနာမှာ အမျိုးသမီးများနှင့် မိန်းကလေးများသည် ကလေးယူမည်မယူမည်ကို ရွေးချယ်ခွင့်မရရှိခြင်းဖြစ်ပြီး ယင်းမှာ ပညာမတတ်မှုကြောင့်ဖြစ်ကြောင်း မာခရွန်က ဂိတ်စ်ဖောင်ဒေးရှင်းက စက်တင်ဘာတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။ မာခရွန်၏အဆိုပါပြောဆိုမှုကို ပြင်သစ်နှင့် အမေရိကန်အမျိုးသမီးရာပေါင်းများစွာတို့က ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ပညာကောင်းကောင်းတတ်တဲ့ အမျိုးသမီးတွေထဲမှာ ကလေးခုနစ်ယောက်၊ရှစ်ယောက်၊ ကိုးယောက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အမျိုးသမီးတစ်ဦးဦးကို ခေါ်လာပြစမ်းပါ ဟု မာခရွန်က ယင်းအချိန်ကပြောဆိုခဲ့သည်။ အာဖရိကရှိ ဆင်းရဲသောဒေသများတွင် မိဘဘဝကို ကျနသေချာစွာစဉ်းစားပြီးမှသာ ရွေးချယ်သင့်သည်ဟု မာခရွန်က ဆိုလိုခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများသည် လူမှုမီဒီယာများတွင် #postcardsforMacron ကိုအသုံးပြုပြီး မာခရွန်နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခြင်း၊ သားသမီးများစွာပါဝင်သော ဓာတ်ပုံများကို ဖော်ပြခြင်းတို့ကိုပြုလုပ်ခဲ့သည်။

#postcardsforMacron ကို ပြင်သစ်ရှိ တွစ်တာအသုံးပြုသူများက အများဆုံးအသုံးပြုခဲ့သည်။ အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်တို့တွင် ယင်းနှင့်ပတ်သက်သော ပို့စ်ပေါင်း ၂၀ဝ၀ဝ ကျော်ရှိခဲ့သည်။ မျိုးပွားခြင်းနှင့်ပတ်သက်၍ မာခရွန်သည် ယခင်ကလည်း ပြစ်တင်ခံခဲ့ရပြီးဖြစ်သည်။ အာဖရိကအမျိုးသမီးများ ကလေး ခုနစ်ဦးနှင့် ရှစ်ဦးယူနေခြင်းသည် ပြဿနာတစ်ခုဖြစ်ကြောင်း မာခရွန်က ၂၀၁၇ ခုနှစ် ဇူလိုင်တွင် ပြောဆိုခဲ့သည့်အတွက် အငြင်းပွားစရာများရှိခဲ့သည်။

သို့သော် အာဖရိကရှိ အမျိုးသမီးတချို့သည် အဆိုပါကိစ္စများနှင့်ပတ်သက်၍ လွတ်လပ်စွာရွေးချယ်ခွင့်မရှိခြင်းသာဖြစ်ကြောင်း မာခရွန်က လေးလအကြာ ဘာကီနာဖာဆိုသို့ခရီးစဉ်တွင် ပြောဆိုခဲ့သည်။

အာဖရိကတွင် မိသားစုဝင်များခြင်းကို ဂုဏ်ယူတတ်ကြပြီး သားသမီးများများရှိခြင်းသည် မိဘများ အသက်အရွယ်ကြီးရင့်ချိန်တွင်  အထောက်အကူရသည်ဟု ယူဆခဲ့ကြသည်။ ဘာကီနာဖာဆိုရှိ မိန်းကလေးများအနက် ထက်ဝက်ခန့်သည် အသက် ၁၈ နှစ်မပြည့်မီတွင် အိမ်ထောင်ပြုရလေ့ရှိကြောင်း လေ့လာသူများကပြောဆိုခဲ့သည်။