ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ ဓားစာခံ ၇၀ဝ ခန့်ကို ဖမ်းဆီးထားကြောင်း ရုရှားသမ္မတပူတင်ပြောဆို

ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ ဓားစာခံ ၇၀ဝ ခန့်ကို ဖမ်းဆီးထားကြောင်း ရုရှားသမ္မတပူတင်ပြောဆို

ဆီးရီးယားရှိ အိုက်အက်စ်အကြမ်းဖက်အဖွဲ့သည် မကြာသေးမီတွင် လူ ၇၀ဝ ခန့်အား ဓားစာခံများအဖြစ် ဖမ်းဆီးခဲ့ပြီး အဆုံးစီရင်မှုများကိုပြုလုပ်နေကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က အောက်တိုဘာ ၁၈ ရက်တွင်ပြောဆိုခဲ့သည်။

အိုင်အက်စ်အဖွဲ့သည် မကြာသေးမီတွင် နယ်ပယ်ချဲ့ထွင်မှုများကိုပြုလုပ်ခဲ့ပြီး မိသားစု ၁၃၀ ခန့်ကို ဓားစာခံများအဖြစ်ဖမ်းဆီးခဲ့သောကြောင့် အဖမ်းခံထားရသူ ၇၀ဝ ခန့်ရှိနေကြောင်း ပူတင်က ဆိုချီ၌ အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာမူဝါဒဖိုရမ်တွင် ပြောဆိုခဲ့သည်။

စစ်သွေးကြွများသည် တောင်းဆိုမှုများကိုပြုလုပ်ခဲ့ပြီး တောင်းဆိုမှုများကို မဖြည့်ဆည်းပေးပါက တစ်ရက်လျှင် လူ ၁၀ ယောက်နှုန်းဖြင့် သတ်ဖြတ်မည်ဖြစ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ စစ်သွေးကြွများ၏တောင်းဆိုမှုများကိုမူ ပူတင်က ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ချေ။

မကြာသေးမီရက်မှစ၍ လူ ၁၀ ဦးကိုသတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ ဓားစာခံများအဖြစ် အဖမ်းခံထားရသူများတွင် အမေရိကန်နှင့် ဥရောပသားများလည်းပါဝင်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားရှိ ဒီယာ အယ်လ် ဇောခရိုင်ရှိ ဒုက္ခသည်စခန်းတစ်ခုကို ဝင်တိုက်ခဲ့ပြီးနောက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တက်စ်သတင်းဌာနက အောက်တိုဘာ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။

သို့သော် ပူတင်၏ပြောဆိုမှုများအပေါ် သံသယရှိကြောင်း အမေရိကန်စစ်တပ်ကပြောဆိုခဲ့သည်။ ဒီယာ အယ်လ် ဇောရှိ ဒုက္ခသည်စခန်းတိုက်ခိုက်ခံခဲ့ရသည်ကိုသိရှိသော်လည်း သမ္မတပူတင်ပြောသကဲ့သို့ လူများစွာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိခြင်းမရှိခဲ့ ဟု ပင်တဂွန်၏ပြောခွင့်ရှိသူ တပ်မှူး ရှောင် ရောဘတ်ဆင်ကပြောဆိုခဲ့သည်။