အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာစီးတီး၌ အောက်တိုဘာ ၁၈ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲများအတွက် အဆင့်မြင့်တန်းဆွေးနွေးမှုများပြီးစီးချိန်တွင် အာဖဂန်အထူးတပ်ဖွဲ့ဝင်အဖြစ်ဟန်ဆောင်ထားသည့် တာလီဘန်တစ်ဦး၏ပစ်ခတ်မှုကြောင့် ကန်ဒါဟာရဲချုပ်အပါအဝင် အာဖဂန်ထိပ်တန်းခေါင်းဆောင်တချို့သေဆုံးခဲ့သော်လည်း ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် အမေရိကန်တပ်မှူး ဗိုလ်ချုပ် စကော့ မီလာမှာမူ လွတ်မြောက်ခဲ့သည်။
ကန်ဒါဟာ ရဲချုပ် အဗ္ဗဒူ ရာဇစ်ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး အမေရိကန်ဗိုလ်ချုပ်ကို ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် ဗိုလ်မှူး ဒေးဗစ် ဘတ္တလာကပြောဆိုခဲ့သည်။ ခရိုင်အုပ်ချုပ်ရေးမှူးအိမ်တော်တွင်း၌ အဆင့်မြင့်တန်းခေါင်းဆောင်များသည် အုပ်စုဓာတ်ပုံရိုက်ရန် စုဝေးနေချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရာဇစ်အပြင် ကန်ဒါဟာ ထောက်လှမ်းရေးအကြီးအကဲ အဗ္ဗဒူ မိုမင်း၊ ကန်ဒါဟာ အုပ်ချုပ်ရေးမှူး ဇယ်မေ ဝီဇာတို့လည်း သေဆုံးခဲ့ကြောင်း ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး အဂ္ဂါ လာလာ ဒက်စတာဂဲရီကပြောဆိုခဲ့သည်။ ဝီဆာသည် ဒဏ်ရာသာရရှိခဲ့ပြီး သေဆုံးခြင်းမရှိခဲ့ကြောင်း ကဘူးရှိ လုံခြုံရေးအရာရှိများကပြောဆိုခဲ့သည်။
အမေရိကန်တပ်သားတစ်ဦး၊ ညွန့်ပေါင်းအဖွဲ့မှ ကန်ထရိုက်တာတစ်ဦးနှင့် အမေရိကန်အရပ်သားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သော်လည်း အခြေအနေစိုးရိမ်စရာမရှိကြောင်း နေတိုးအဖွဲ့၏ပြောခွင့်ရှိသူ ဗိုလ်မှူး ကတ်ပီတာစ်ကပြောဆိုခဲ့သည်။ ၎င်းတို့၏လက်ချက်ဖြစ်ပြီး မီလာကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း တာလီဘန်များ၏ပြောခွင့်ရှိသူ ကာရီ ယူဆွတ် အာမာဒီကပြောဆိုခဲ့သည်။
ရာဇစ်သတ်ဖြတ်ခံရမှုကြောင့် အာဖဂန်နစ္စတန်တောင်ပိုင်းရှိ လုံခြုံရေးအခြေအနေများအပေါ် ဆိုးရွားသော သက်ရောက်မှုရှိလာမည်ဖြစ်သည်။ ကန်ဒါဟာရဲချုပ်ဖြစ်သည့် ရာဇစ်သည် တာလီဘန်များ၏ပုန်ကန်မှုအပေါ် ကန့်သတ်ထိန်းချုပ်နိုင်ခဲ့သူဖြစ်သည်။
တာလီဘန်များက အောက်တိုဘာ ၂၀ ရက်တွင် ပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲများပျက်စီးအောင် လုပ်ဆောင်မည်ဖြစ်ပြီး ဆရာများနှင့် ကျောင်းသူကျောင်းသားများအနေဖြင့် စာသင်ကျောင်းများအား မဲရုံများအဖြစ် အသုံးချခြင်းကို ခွင့်မပြုရန် သတိပေးပြောဆိုခဲ့သည်။

















