ကမ်းနားလမ်းညဈေးတန်းတွင် နေရာချ ထားပေးသည့် ဈေးသည် ၁၇၀ဝ ကျော်အနက် ဈေးသည် ၆၉၀ ထံမှသာ သန့်ရှင်းရေးခွန်နှင့် ရေခွန်ရရှိနေကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အောက်တိုဘာ ၁၈ ရက်၌ ပြောဆိုသည်။
"ဈေးရောင်းချခွင့်ကတ်ပြား ယူထားပြီး ဈေးလာမရောင်းကြဘူး။ ဈေးရောင်းချခွင့် ကတ်မယူထားတဲ့လူတွေက နေရာလွတ်တွေမှာ ဝင်ရောင်းကြတဲ့အခါကျတော့ အခွန်ပေးချင် တာတောင် ပေးလို့မရဘူးဖြစ်နေတယ်။ လာ မရောင်းမယ့်အတူတူ ကတ်လုပ်ပေးလိုက်ရင် အခွန်ပေးမယ်ဆိုပြီး ဆွေးနွေးတဲ့လူတွေရှိတယ်။ ပြန်လည်စိစစ်ပြီးတော့ လုပ်ရမှာပါ။ ဈေးရောင်း ချခွင့်ကတ်ပြားယူပြီး မရောင်းတဲ့လူတွေကို ပယ်ဖျက်ရမယ်"ဟု ၎င်းက ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးညှိ နှိုင်းရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံသို့ စာတင်ထားသော်လည်း ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ကျမှသာ တွေ့ဆုံမေးမြန်းခွင့်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြော ဆိုသည်။
"အခုကမ်းနားလမ်းညဈေးက ဆိုင်ခန်းသာ ပြောတယ်၊ ၃၂ ပေလောက်ရှိတဲ့ ထီးအမိုးကြီး တွေဖြစ်နေတယ်။ အဲဒါတွေလည်း ဘယ်လို ဖြစ်သွားတာလဲ။ အရင်နေရာချထားပေးတာ ရှစ်ပေနဲ့ လေးပေပဲ နေရာပေးထားတာ"ဟု ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့တွင်း လေးမြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များရှိ လမ်းဘေးဈေးသည် များအနက် အစားအသောက်နှင့် သစ်သီး ရောင်းချသည့် ဈေးသည် ၁၇၀ဝ ကျော်အတွက် ကမ်းနားလမ်းညဈေးတန်းအဖြစ် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ရောင်းချခြင်းမရှိတော့
အဆိုပါညဈေးတန်းသည် စတင်ဖွင့်လှစ် ပြီးချိန်မှ နှစ်လ၊ သုံးလခန့်အထိသာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး နောက်ပိုင်း အရောင်းအဝယ် မကောင်းတော့သဖြင့် အချို့ဆိုင်ခန်းများ လာ ရောက်ရောင်းချခြင်းမရှိတော့ကြောင်း သိရ သည်။
















