ထိုင်းကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ကလပ်အသင်းဘက်မှ ခွင့်မပြုပါက သွားရောက်ကစားမည်မဟုတ်ကြောင်း ဇွဲကပင်ယူနိုက်တက်နောက်ခံလူ သီဟထက်အောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဇွဲကပင်ယူနိုက်တက်နောက်ခံလူ သီဟထက်အောင်ကို ထိုင်းလိဂ်-၁နှင့် လိဂ်-၂ကလပ်များမှခေါ်ယူရန် စိတ်ဝင်စားမှုများရှိနေပြီး အေးဂျင့်မှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းလျက်ရှိနေသည်။ " ထိုင်းကလပ်တွေက အေးဂျင့်ကတစ်ဆင့် သူတို့ဆီမှာလာကစားဖို့ အွန်းလိုင်းကနေ ဆက်သွယ်ကမ်းလှမ်းမှုတွေရထားပါတယ်။ ကျွန်တော်က ဇွဲကပင်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ပါသေးတယ်။ ကျွန်တော်နိမ့်ပါးခဲ့တဲ့အချိန်မှာ ဇွဲကပင်အသင်းက ကြည့်ရူခဲ့တာပါ။ ဒီကျေးဇူးတွေရှိတဲ့အတွက် ဇွဲကပင်အသင်းက ခွင့်ပြုမှပဲ သွားကစားဖြစ်မှာပါ" ဟု သီဟထက်အောင်က ပြောဆိုခဲ့သည်။
၂၀၁၅နယူဇီလန်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာယူ-၁၉အသင်းနှင့်အတူ ထင်ပေါ်လာခဲ့သည့် နောက်ခံလူသီဟထက်အောင်သည် စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ရန်ကုန်ယူနိုက်တက်မှ ဇွဲကပင်ယူနိုက်တက်သို့ ယခုနှစ်ရာသီ ဒုတိယအကျော့တွင် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။















