တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ခဲ့သည့် Jimo International Futsal Cup 2018 ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် ချင်တောင်အက်ဖ်အေအသင်းတို့သည် အောက်တိုဘာ ၁၉ရက် မြန်မာစံတော်ချိန် နံနက် ၈နာရီခွဲက ယှဉ်ပြိုင်ခဲ့ရာ မြန်မာဖူဆယ်အသင်းက ရှစ်ဂိုး- လေးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထပ်မံအနိုင်ရ
မြန်မာဖူဆယ်အသင်းသည် အောက်တိုဘာ ၁၈ရက်တွင်လည်း ချင်တောင်အက်ဖ်အေအသင်းနှင့် အုပ်စုပွဲစဉ်ယှဉ်ပြိုင်ခဲ့ရာ ၁၈ဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယခုတတိယလုပွဲတွင်လည်း ထပ်မံဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအတွက် ဂိုးများကို ပြည့်ဖြိုးမောင် (၃)နှင့် နိုင်လင်းထွန်းကျော်တို့က ၂ ဂိုးစီသွင်းယူပေးခဲ့ကြပြီး ပြည့်ဖြိုးမောင် (၂)၊ ကျော်စိုးမိုး၊ အောင်ဇင်ဦးနှင့် ငြိမ်းမင်းစိုးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြသည်။
ဆုချီးမြှင့်ပေးခဲ့
ဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သောပွဲစဉ်တွင် အိမ်ရှင် ချင်တောင်ချန်းအသင်းက ရှင်းကျင်းအသင်းကို ငါးဂိုး- လေးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ထို့နောက်ဆုပေးပွဲ ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းလေးသင်းစလုံးကို အမှတ်တရ ဆုဖလားများချီးမြှင့်ပေးခဲ့ပြီး ချန်ပီယံဆု ရရှိခဲ့သော ချင်တောင်ချန်းအသင်းကို မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းမန်နေဂျာ ဦးကြည်မင်းသိန်းက ဆုချီးမြှင့်ပေးခဲ့သည်။















