ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်း ခြေသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၀ ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း ချောင်းသာ ကမ်းခြေဟိုတယ်ဇုန် ဥက္ကဋ္ဌထံမှ သိရသည်။
"ပြည်တွင်းမှာ အခုနောက်ပိုင်းလည်စရာ တွေက ပေါများလာတယ်။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေကလည်း တိုးလာတယ်။ ဒါကြောင့် ချောင်းသာကို ဧည့်သည်အလာ လျော့သွားတာပါ။ အရမ်းကြီးလျော့ကျသွား တာတော့ မဟုတ်ပါဘူး။ ၁၀ ရာခိုင်နှုန်း လောက်ပါပဲ"ဟု ချောင်းသာကမ်းခြေဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်က ပြောဆိုခဲ့ကြောင်း သိရသည်။
"ဧည့်သည်ဝင်ရောက်မှုလျော့ကျ"
"ချောင်းသာအပန်းဖြေကမ်းခြေသို့ ၂၀၁၇ ခုနှစ်က ပြည်တွင်းပြည်ပခရီးသွားဧည့်သည် သုံးသိန်းကျော်ဝင်ရောက်ခဲ့ပြီး ပြည်တွင်း၌ လည်ပတ်စရာများလာခြင်း၊ စီးပွားရေးလုပ်ငန်း များကျပ်တည်းလာခြင်း၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများပေါများလာခြင်း စသည့် အကြောင်းရင်းများကြောင့် ချောင်းသာသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၁၀ ရာခိုင် နှုန်းကျော် လျော့ကျခြင်းဖြစ်သည်။ ချောင်းသာ ကမ်းခြေဟိုတယ်ဇုန်သည် မြန်မာနိုင်ငံ၏ ဟိုတယ်ဇုန် ၁၉ ဇုန်တွင်ပါဝင်နေပြီး ပြည်တွင်း ခရီးသွားဧည့်သည် အများဆုံးလာရောက်သည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။
""ခရီးသွားဧည့်သည်ကို အခြေခံပြီးလုပ်ကိုင် နေရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ခရီးသွား ဧည့်သည်တစ်ယောက်လျော့တာနဲ့ အရမ်းကို သိသာပါတယ်။ ဒီနှစ်ထဲမှာ ခရီးသည်လာရောက်မှု နည်းပါးတဲ့အတွက် တည်းခိုခန်းရဲ့ တချို့အခန်း တွေဆို ဖွင့်တောင်မဖွင့်ရတဲ့နေရာတွေ ရှိနေ ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ် နောက်ပိုင်းပွင့်လင်း ရာသီနဲ့ ၂၀၁၉ ခုနှစ် ခရီးသွားရာသီကို စောင့် ကြည့်ပါ့မယ်"ဟု ချောင်းသာကမ်းခြေရှိ ဟိုတယ် ပိုင်ရှင် ဦးအာကာမင်းက ပြောဆိုသည်။
"ချောင်းသာအပန်းဖြေကမ်းခြေတွင် ပြည် ထောင်စုအစိုးရက တရားဝင်ခွင့်ပြုထားသည့် ဟိုတယ် ၂၆ လုံး၊ တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ရဟိုတယ်အလုံး ၄၀ ခန့်၊ လိုင်စင်မရရှိ သေးသည့် ဟိုတယ်နှင့်တည်းခိုခန်းစုစုပေါင်း ၅၀ ဝန်းကျင်ရှိပြီး ဒီဇင်ဘာ၊ ဧပြီနှင့် နိုဝင်ဘာ လများတွင် ဧည့်သည်အများဆုံးလာရောက် ကြောင်း သိရသည်။















