အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျတ်ခရိုင် အမ်ရစ်ဆာမြို့ပြင်၌ အောက်တိုဘာ ၁၉ ရက် အနှောင်းပိုင်းတွင် ဘာသာရေးပွဲတော်အတွင်း မီးရှူးမီးပန်းပစ်ဖောက်မှုများကို ကြည့်ရှုနေသည့် လူအုပ်ထဲသို့ ရထားတစ်စင်း အရှိန်ဖြင့်တိုးဝင်မှုကြောင့် လူ ၆၀ ဦးထက်မနည်းသေဆုံးပြီး လူ ၅၀ ခန့်ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်ပွားချိန်တွင် ရထားလမ်းနှစ်လမ်းပေါ်၌ ဆန့်ကျင်ဘက်မှ ရထားနှစ်စင်း တစ်ချိန်တည်း သွားနေခဲ့သောကြောင့် လူများသည် ရှောင်ထွက်နိုင်ခြင်းမရှိ်ခဲ့သဖြင့် သေဆုံးသူများပြားခဲ့ခြင်းဖြစ်ကြောင်း ပီတီအိုင်သတင်းဌာနကဖော်ပြခဲ့သည်။
ရထားတစ်စင်း၏ဝင်တိုးမှုကြောင့်သာ လူများစွာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရထားရဲတပ်ဖွဲ့ဝင် ဆူခါဝင်ဒါဆင်းက ပြောဆိုခဲ့သည်။
ဟိန္ဒူဘာသာရေးပွဲတော်အတွင်း နတ်ဆိုး ရာဝဏရုပ်တုကို မီးရှို့နေမှုကို ကြည့်ရှုနေသူ လူရာပေါင်းများစွာရှိနေသော်လည်း ရထားသည် ဥသြဆွဲခြင်းမပြုခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောဆိုခဲ့သည်။
မီးရှူးမီးပန်းသံများ ကျယ်လောင်လွန်းသောကြောင့် ရထားလာနေသည်ကို သတိမထားမိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောခဲ့သည်။
နယူးဒေလီမြောက်ဘက် ၄၆၅ ကီလိုမီတာ( ၂၉၀ မိုင်) အကွာရှိ နေရာတွင် ပွဲတော်ကို နှစ်စဉ်ကျင်းပနေကျဖြစ်ပြီး ရထားကို အရှိန်လျှော့မောင်းနှင်ပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့ကြောင်း ပန်ဂျတ်ပြည်နယ်ကိုအုပ်ချုပ်နေသည့် ကွန်ဂရက်စ်ပါတီမှ နိုင်ငံရေးသမား နာဗ်ယော့ ကောက်ယာ ဆစ်ဒူက ပြောဆိုခဲ့သည်။
သို့သော် ပွဲတော်စီစဉ်သူများသည် ပွဲတော်ကျင်းပမည့် အစီအစဉ်ကို ရထားအာဏာပိုင်များအား ကြိုတင်အကြောင်းကြားမှုမပြုလုပ်ခဲ့ကြောင်း ရထားဝန်ကြီးဌာန လက်ထောက်ဝန်ကြီးတစ်ဦးဖြစ်သည့် မနော ဆင်ဟာက ပြောဆိုခဲ့သည်။
ရထားလမ်းတစ်ဖက်တစ်ချက်စီတွင် နေအိမ်များလည်းရှိနေသည်။ အခင်းဖြစ်ပွားပြီးနောက်တွင် လူများစွာသည် ရထားဝန်ကြီးဌာနအရာရှိများအား ပြစ်တင်ဆဲဆိုမှုများကိုပြုလုပ်ခဲ့သည်။

















