ထိုင်းပင်လယ်ကွေ့တွင် အပူပိုင်းမုန်တိုင်းငယ် တစ်ခုဖြစ်ပေါ်နေပြီး ယင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ၂၄ နာရီ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းအပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ၂၄ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုး / ဇလက ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လေပွေလှိုင်း၏အရှိ်န်ကြောင့် အောက်တိုဘာ ၂၂ ရက်တွင် မုတ္တမကွေ့အတွင်း လေပြင်းတိုက်ခိုက်ပြီး လှိုင်းကြီးနိုင်၍ မုတ္တမကွေ့၊ မွန်ကမ်းရိုးတန်း နှင့် ကမ်းလွန်ဒေသ သွားရေယာဉ်များ သတိပြုရန်လိုကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့််ပြောဆိုထားသည်။
လက်ရှိအချိန်တွင် ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ၃၆ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နိုင်သည်ကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















