ဆော်ဒီသတင်းသမား ဂျမဲလ်ခါရှောဂီသည် တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လက်သီးချင်းထိုးရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအတွက် သံသယရှိသူများကို ထိန်းသိမ်းထားကြောင်း ဆော်ဒီအာရေဗျအာဏာပိုင်တို့က ထုတ်ပြန်လိုက်ခြင်းကို ကောင်းမွန်သည့် ပထမခြေလှမ်းအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိုဆိုလိုက်သည်။
အောက်တိုဘာ ၁၉ ရက်တွင် ယင်းသို့ပြောဆိုခဲ့သည့် သမ္မတထရမ့်သည် ကွန်ဂရက်လွှတ်တော်နှင့်တိုင်ပင်ပြီး ဆော်ဒီအတွက် အမေရိကန်၏တရားဝင်တုံ့ပြန်မှုကိုလည်း ဆောင်ရွက်သွားမည်ဟုဆိုသည်။ သံသယရှိသူ ၁၈ ဦး ထိန်းသိမ်းထားပြီး မင်းသားဆဲလ်မန်၏ အကြံပေးတစ်ဦးနှင့် ထောက်လှမ်းရေးဒုတိယအကြီးအကဲကို ဖယ်ရှားလိုက်ကြောင်း ဆော်ဒီတို့က ကြေညာခဲ့သည်။
ဆော်ဒီထုတ်ပြန်ချက်သည် ယုတ္တိရှိယုံကြည်ထိုက်ခြင်း ရှိမရှိ သတင်းထောက်များ၏မေးမြန်းချက်ကို သမ္မတက ၄င်းယုံကြည်ကြောင်း ဖြေဆိုခဲ့သည်။ ယင်းသို့မဖြေမီတွင် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်နှင့် ပြောဆိုလိုကြောင်း ထရမ့်ဆိုခဲ့ပြီးဖြစ်သည်။
ဆော်ဒီသည် ကြီးကျယ်သည့်မဟာမိတ်ဖြစ်သော်လည်း ဖြစ်ပျက်ခဲ့သမျှကို လက်မခံနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
ခါရှောဂီကို ဆော်ဒီလုပ်ကြံရေးတပ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီး အလောင်းကိုဖျောက်ဖျက်ခဲ့ကြောင်း တူရကီတို့ ပြောဆိုထားချက်နှင့် အလွန်ကွဲဲလွဲနေသည့် ဆော်ဒီတို့၏ထုတ်ပြန်ချက်အပေါ် ထရမ့်၏မဟာမိတ် လင်းဆေးဂရေဟမ် အပါအဝင် လွှတ်တော်အမတ်များက မယုံကြည်ကြောင်း ဖော်ပြခဲ့ကြသည်။
အာရပ်လောကတွင်ထင်ရှားသည့် သတင်းသမားတစ်ဦးဖြစ်ပြီး ဆော်ဒီအိမ်ရှေ့စံ ဆဲလ်မန်ကိုဝေဖန်သည့် ဆောင်းပါးများ ရေးသားခဲ့သူ ခါရှောဂီသည် တူရကီအမျိုးသမီးချစ်သူနှင့် လက်ထပ်ရေး စာရွက်စာတမ်းကိစ္စဖြင့် အောက်တိုဘာ ၂ ရက်၌ အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
အသတ်ခံရခြင်းဖြစ်ကြောင်း တူရကီတို့က စွပ်စွဲခဲ့သည်ကို ဆော်ဒီကအပြင်းအထန်ငြင်းဆိုခဲ့ပြီး ယခုနောက်ဆုံးမှ လက်သီးချင်းထိုးပွဲတွင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

















