အင်္ဂလန်မြောက်ပိုင်း၌ ဆယ်ကျော်သက်မိန်းကလေးများကို လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အမျိုးသား ၂၀ ဦးအား ထောင်ဒဏ်များချမှတ်

အင်္ဂလန်မြောက်ပိုင်း၌ ဆယ်ကျော်သက်မိန်းကလေးများကို လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အမျိုးသား ၂၀ ဦးအား ထောင်ဒဏ်များချမှတ်

အင်္ဂလန်နိုင်ငံ မြောက်ပိုင်းရှိ ဟက်ဒါဖီးမြို့၌ ဆယ်ကျော်သက်မိန်းကလေး ၁၂ ဦးကျော်တို့အား လိင်ပိုင်းအနိုင်ကျင့်မှုအပါအဝင် အမြတ်ထုတ်မှုမျိုးစုံကိုပြုလုပ်ခဲ့မှုဖြင့် အမျိုးသား ၂၀ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့သည်။

အဆိုပါအမျိုးသားများအား ယခုနှစ်အစောပိုင်းတွင် ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း တရားသူကြီးတစ်ဦးက သတင်းမီဒီယာများတွင် ဖော်ပြခွင့်ပိတ်ပင်ထားခြင်းကို အောက်တိုဘာ ၁၉ ရက်မှ ရုတ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံမြောက်ပိုင်းမြို့များနှင့် မြို့နယ်များတွင် အရွယ်မရောက်သေးသည့် မိန်းကလေးများအား ပါကစ္စတန်နွယ်ဖွားအမျိုးသားများက လိင်ပိုင်းအနိုင်ကျင့်မှုများပြုလုပ်နေမှု၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
    

ယင်းအမျိုးသားများသည် မိဘအုပ်ထိန်းသူနှင့်ကင်းကွာသည့် မိန်းကလေးများကို ပစ်မှတ်ထားပြီး နည်းလမ်းမျိုးစုံဖြင့် စည်းရုံးကာ အမြတ်ထုတ်မှုများကိုပြုလုပ်ခဲ့သည်။ ၎င်းတို့သည် အသက် ၁၁ နှစ်မှ ၁၇ နှစ်ကြား မိန်းကလေး ၁၅ ဦးတို့အပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှု ၁၂၀ ကျော်တို့ဖြင့် တရားစွဲဆိုအပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။ မိန်းကလေးများအား အရက်သေစာနှင့် မူးယစ်ဆေးဝါးများတိုက်ကျွေးပြီးနောက် အမျိုးသားများသည် လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြခြင်းဖြစ်သည်။ ပါတီများ၊ မော်တော်ယာဉ်များထဲ၊ ယာဉ်ရပ်နားကွင်းများ၊ စနူကာရုံများနှင့် စားသောက်ဆိုင်များထဲတွင် အနိုင်ကျင့်မှုများကိုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
    

အုပ်စုဖွဲ့အနိုင်ကျင့်သူများ၏ခေါင်းဆောင် အမီရဲ ဆင်း ဓာလီဝယ်သည် လိင်ပိုင်းအနိုင်ကျင့်မှု ၂၂ မှုဖြင့် ယခုနှစ်အစောပိုင်းတွင် အနိမ့်ဆုံးထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံခဲ့ရသည်။ အနိုင်ကျင့်မှုများသည် စက်ဆုတ်ရွံရှာစရာကောင်းလှကြောင်း တရားသူကြီး ဂျက်ဖရီ မာဆင်ကပြောဆိုခဲ့သည်။ အခြားအမျိုးသားများသည်လည်း ထောင်ဒဏ်ငါးနှစ်မှ ၁၈ နှစ်ကြား ချမှတ်ခံခဲ့ရသည်။
    

ဟက်ဒါဖီး၊ ရိုဒေးနှင့်အခြားမြို့များ၌ လူဖြူမိန်းကလေးအများစုကျူးလွန်ခံရခြင်းကြောင့် လူမျိုးရေးတင်းမာမှုများရှိလာခဲ့ပြီး ထိခိုက်နစ်နာနိုင်ခြေရှိသည့် မိန်းကလေးများအား ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် ဒေသဆိုင်ရာအာဏာပိုင်များနှင့် အနိုင်ကျင့်ခံရကြောင်းတိုင်ကြားမှုများကို ဂရုတစိုက်နားထောင်ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ပြစ်တင်ပြောဆိုနေကြပြီဖြစ်သည်။
    

ယခုအနိုင်ကျင့်မှုများတွင် ပါကစ္စတန်နွယ်ဖွားအမျိုးသားများ အဓိကပါဝင်နေကြောင်း ဥပဒေအရာရှိဟောင်း နာဇီ အက်ဖ်ဇယ်ကပြောဆိုခဲ့သည်။ သို့သော် အရွယ်မရောက်သေးသူများအား အနိုင်ကျင့်သူအများစုမှာ လူဖြူများဖြစ်ကြပြီး အွန်လိုင်း၊ နေအိမ်နှင့် စာသင်ကျောင်းကဲ့သို့ နေရာမျိုးတွင် အနိုင်ကျင့်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်ရှိ ရဲတပ်ဖွဲ့စာရင်းအင်းများအရ သိရသည်။