ဝဲဘက်လက် လက်ညှိုးနှင့် လက်သူကြွယ်အရှည်ချင်းမတူညီသည့် အမျိုးသမီးများသည် ယောကျာ်းလျာဖြစ်နိုင်ခြေပိုများကြောင်း လေ့လာမှုတစ်ခုကဖော်ပြလိုက်ပြီဖြစ်သည်။
တစ်ဦးက လိင်ကွဲနှစ်သက်သူဖြစ်ပြီး အခြားတစ်ဦးက လိင်တူနှစ်သက်သူဖြစ်သည့် ရုပ်ရည်ဆင်တူသော အမျိုးသမီးအမြွာ ၁၈ ဦးတို့၏လက်ချောင်းများကို သိပ္ပံပညာရှင်များက တိုင်းတာခဲ့သည်။ ပျမ်းမျှအားဖြင့် လိင်တူချစ်သည့် အမျိုးသမီးများ၏ လက်ညှိုးနှင့် လက်သူကြွယ်များသည် အရှည်ခြင်းမတူညီဘဲ တစ်ချောင်းက ရှည်ကာ အခြားတစ်ချောင်းက တိုနေလေ့ရှိနေသည်။ အထူးသဖြင့် ဝဲဘက်လက်လက်ချောင်းများဖြစ်သည်။
မိခင်ဝမ်းအတွင်းနေထိုင်ရစဉ် ဖိုဟော်မုန်းနှင့်ပိုမိုထိတွေ့ခဲ့ရမှုကြောင့်ဖြစ်နိုင်ကြောင်း အက်ဆက်စ်တက္ကသိိုလ်မှ သိပ္ပံပညာရှင်များကပြောဆိုခဲ့သည်။
ပညာရှင်များသည် ရုပ်ရည်တူညီသော အမျိုးသားအမြွှာ ၁၄ ဦး၏ လက်ချောင်းများကိုလည်း တိုင်းတာခဲ့သော်လည်း အလားတူဆက်စပ်မှုမျိုးကိုမတွေ့ရှိခဲ့ရချေ။
မျိုးဗီဇ ၁၀ဝ ရာခိုင်နှုန်း တူညီသော အမြွာများသည် လိင်ပိုင်းတိမ်းညွှတ်မှုတွင် ကွဲပြားနိုင်ကြောင်း အက်ဆက်စ်တက္ကသိုလ်စိတ်ပညာဌာနမှ ဒေါက်တာ ကျူးစ်ဒေးဝပ်စ်က ပြောဆိုခဲ့သည်။ မိခင်ဝမ်းအတွင်းနေစဉ်ကတည်းက လိင်တိမ်းညွှတ်မှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးပြီးဖြစ်ကာ ယင်းသည် ဖိုဟော်မုန်း ထိတွေ့မှုပမာဏအပေါ် အခြေခံကြောင်း ၎င်းကပြောဆိုခဲ့သည်။
ယင်းကြောင့် လူတစ်ဦး၏လက်ချောင်းများ အရှည်ကိုကြည့်ပြီး လိင်နှစ်သက်မှုကို အပေါ်ယံကြည့်ကာ ခန့်မှန်းနိုင်ကြောင်း ဝပ်စ်ကပြောဆိုခဲ့သည်။ တွေ့ရှိမှုကို Archives of Sexual Behaviour တွင်ဖော်ပြထားသည်။

















