ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အမေရိကန်စစ်သင်္ဘောများစေလွှတ်ရေး ချိန်ဆနေ

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အမေရိကန်စစ်သင်္ဘောများစေလွှတ်ရေး ချိန်ဆနေ

အမေရိကန်ပြည်ထောင်စုသည် မဟာဗျူဟာရေလမ်းကြောင်းတစ်ခုအနေဖြင့် သေချာစေရေးအတွက် ထိုင်ဝမ် (တရုတ်တိုင်ပေ)ရေလက်ကြားတစ်လျှောက် အမေရိကန်စစ်သင်္ဘောများစေလွှတ်ရေးကို စဉ်းစားနေပြီး တရုတ်နှင့်တင်းမာမှု မြင့်တက်လာမည့်အန္တရာယ်ကို ချိန်ဆနေကြောင်း သိရသည်။

ယင်းရေလက်ကြား၏နိုင်ငံတကာရေပြင်သို့ ဇူလိုင်လက အမေရိကန်စစ်သင်္ဘောများ စေလွှတ်ခဲ့ဖူးပြီး ထိုင်ဝမ် (တရုတ်တိုင်ပေ)၏ကိုယ်ပိုင်အုပ်ချုပ်ရေးကို သမ္မတထရမ့်အစိုးရ၏ ထောက်ခံမှုကို အသစ်တဖန်ဖော်ပြလိုခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ် (တရုတ်တိုင်ပေ)ကို ကွဲကွာနေသည့်ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ပြီး လွတ်လပ်သည့်အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ် ထူထောင်ခြင်းကို လုံးဝလက်မခံကြောင်း ယတိပြတ်ပြောဆိုထားသည်။ ယခုအပတ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် စင်ကာပူ၌ရောက်ရှိနေစဉ် အမေရိကန်၏ ထိုင်ဝမ် (တရုတ်တိုင်ပေ)ဆိုင်ရာ မူဝါဒ ဦးစားပေးပြောဆိုလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။

ရေလက်ကြားအတွင်း စစ်သင်္ဘောများစေလွွှတ်ရန် စဉ်းစားနေစဉ်မှာပင် အမေရိကန်၏ ထိုင်ဝမ် (တရုတ်တိုင်ပေ)မူဝါဒ အပြောင်းအလဲမရှိကြောင်း မက်တစ်က တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟဲကို အာဆီယံလုံခြုံရေးဖိုရမ်၏ ဘေးဆွယ်တွေ့ဆုံပွဲတွင် သတင်းစကားပါးခဲ့သည်။
    

အမေရိကန်သည် ထိုင်ဝမ် (တရုတ်တိုင်ပေ)နှင့် ပုံမှန်ဆက်ဆံရေး တရားဝင်ထူထောင်ထားခြင်းမရှိသော်လည်း ထိုင်ဝမ် (တရုတ်တိုင်ပေ)၏ကာကွယ်ရေးအတွက် ကူညီလျက်ရှိသည်။ ၂၀၁၀ ခုနှစ်မှစပြီး ထိုင်ဝမ် (တရုတ်တိုင်ပေ)သို့ အမေရိကန် လက်နက်ရောင်းချမှုသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုခဲ့သည်။
    

ထိုင်ဝမ် (တရုတ်တိုင်ပေ)ရေလက်ကြားအတွင်း အမေရိကန်စစ်သင်္ဘော မကြာခဏ ဖြတ်သန်းမှုမျိုး မရှိသေးချေ။နောက်ဆုံးအမေရိကန်စစ်သင်္ဘောဖြတ်သန်းမှုမှာ ဇူလိုင်လအတွင်းက ဖျက်သင်္ဘောနှစ်စီး ဖြတ်သန်းခဲ့မှုဖြစ်သည်။ ယင်းအတွက် အမေရိကန်အနေဖြင့် မဟာဗျူဟာရေလမ်းကြောင်းတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပျက်ပြားစေမည့် အန္တရာယ်မှ ရှောင်ရှားသင့်ကြောင်း တရုတ်က သတိပေးခဲ့သည်။
    

တရုတ်သည် ထိုင်ဝမ် (တရုတ်တိုင်ပေ)ကို ထိန်းချုပ်နိုင်ရေးအတွက် အင်အားသုံးရန် မည်သည့်အခါမှ လက်နှေးမည်မဟုတ်ဟု ပြတ်ပြတ်သားသား ပြောဆိုထားပြီး ထိုင်ဝမ် (တရုတ်တိုင်ပေ)ကလည်း စစ်အသုံးစရိတ်များ နှစ်စဉ်တိုးတက်သုံးစွဲနေသည်။