မာကျူရီဂြိုဟ်သို့ ၇ နှစ်ကြာသွားရောက်မည့် အာကာသယာဉ်ကို ဥရောပနှင့် ဂျပန်အာကာသအေဂျင်စီများ ပူးတွဲလွှတ်တင်နိုင်ခဲ့

မာကျူရီဂြိုဟ်သို့ ၇ နှစ်ကြာသွားရောက်မည့် အာကာသယာဉ်ကို ဥရောပနှင့် ဂျပန်အာကာသအေဂျင်စီများ ပူးတွဲလွှတ်တင်နိုင်ခဲ့

နေအဖွဲ့အစည်းအတွင်း နေနှင့်အနီးဆုံးဖြစ်သည့် မာကျူရီ(ဗုဒ္ဓဟူး)ဂြိုဟ်သို့ ၇ နှစ်ကြာခရီးရှည် သွားရောက်မည့် အာကာသယာဉ်ကို ဥရောပနှင့် ဂျပန်အာကာသအေဂျင်စီများက ပူးတွဲစီမံကိန်းအဖြစ် အေရီယန် ၅ ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်၌ ကြေညာခဲ့သည်။

ဥရောပအာကာသအေဂျင်စီနှင့် ဂျပန်လေကြောင်းအာကာသစူးစမ်းရေးအေဂျင်စီတို့သည် လူလိုက်ပါခြင်းမရှိသည့် ဘဲပီကိုလမ်ဘို ပူးတွဲအာကာသယာဉ်ကို ပြင်သစ်ပိုင် ဂူအီယာနားမှ စီစဉ်ထားသည့်အတိုင်း လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အီတလီသိပ္ပံပညာရှင် ဂူဆဲပီ ဘဲပီကိုလမ်ဘိုကို အစွဲပြု၍ မှည့်ခေါ်ထားသည့် အာကာသယာဉ်စီမံကိန်းသည် ယူရို ၁ ဒသမ ၃ ဘီလျံ(ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ)ကုန်ကျပြီး သမိုင်းတွင်စိန်ခေါ်မှုအမြင့်ဆုံး ခရီးစဉ်တစ်ခုဖြစ်သည်။

မာကျူရီဂြိုဟ်သည် အလွန့်အလွန်ပူပြင်းပြီး နေဆီမှဆွဲအားနှင့် နေရောင်ခြည်ကြောင့် ရေဒီယိုသတ္တုကြွသည့် အန္တရာယ်လည်း ရှိသည်။

ဘဲပီကိုလမ်ဘိုသည် မာကျူရီဂြိုဟ်သို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရောက်ရှိရန် ခန့်မှန်းသည်။ ရောက်ရှိပြီးနောက် ဘဲပီကိုလမ်ဘိုသည် ဘဲပီနှင့် မီယိုအဖြစ် နှစ်ပိုင်းခွဲ၍ မာကျူရီဂြိုဟ်မျက်နှာပြင်နှင့် ၄င်း၏သံလိုက်စက်ကွင်းများကို စူးစမ်းမည်ဖြစ်သည်။ စူးစမ်းမှုတွင် အပူချိန်သည် နေနှင့်ရင်ဆိုင်စဉ် ၄၃၀ ဒီဂရီဆဲလ်စီယပ်စ်(၈၀၆ ဖာရင်ဟိုက်)၊ နေအရိပ်ကျစဉ် အနုတ် ၁၈၀ ဒီဂရီဆဲလ်စီယပ်စ်(အနုတ် ၂၉၂ ဖာရင်ဟိုက်) ရှိနိုင်သည်ဟု ဆိုသည်။
    

ဘဲပီကို ဥရောပအာကာသအေဂျင်စီမှဖန်တီးပြီး မီယိုကို ဂျပန်အာကာသအေဂျင်စီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခုစီမံကိန်းသည် ဥရောပနှင့် ဂျပန်အာကာသအေဂျင်စီနှစ်အကြား ဒုတိယအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ ယခုလအစောပိုင်းတွင် ဂျပန်၏ ဟာယာဘူဆာ ၂ အာကာသယာဉ်သည် ဂျာမန်ပြင်သစ်ဖက်စပ် စူးစမ်းမောင်းနှင်ယာဉ်တစ်စီးကို ရူဂုဂြိုဟ်သိမ်ပေါ် သယ်ပို့ပေးခဲ့သည်။