Yangon Water Bus အရှုံးခံကာလ နှစ်နှစ်သတ်မှတ်ထားသော်လည်း တစ်နှစ်ပြည့်ချိန်တွင် အရှုံးမရှိခဲ့ကြောင်း တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဌ ဒေါ်တင့်တင့်လွင်က အောက်တိုဘာ ၂၀ရက်က ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ပြုလုပ်သည့် Yangon Water Bus တစ်နှစ်ပြည့်အခမ်းအနားတွင် ပြောသည်။
" အရှုံးခံကာလကို နှစ်နှစ်လို့ သတ်မှတ်ထားတယ်။ ၆ လလောက်ကတည်းက ဓာတ်ဆီဖိုးတို့ ဝန်ထမ်း ၊ လုံခြုံရေးဖိုးတို့ ရရှိပါပြီ။ ကိုယ့်အိတ်ထဲက စိုက်ရတဲ့ အခြေအနေမရှိဘူး။ တစ်နှစ်ပြည့်တဲ့အချိန်မှာ ဝန်ထမ်းလစာတွေ၊ ပုံမှန်ပြေးဆွဲနေတဲ့ ဆီဖိုးတွေ သင်္ဘောတွေအတွက် ရရှိပါပြီ။ အစ်မတို့ ဒီစီမံကိန်းကြီး တစ်နှစ်ပြည့်ချိန်မှာ ရဲရဲကြီးပြောနိုင်တာက အောင်မြင်ပါတယ်။ ဒီစီမံကိန်းကြီး ရေရှည်ဆက်သွားဖို့က ပြည်သူတွေအတွက် အဆင်ပြေအောင်ပြုလုပ်ပေးတာဖြစ်တဲ့အတွက် နိုင်ငံတော်ကရော ပြည်သူကရော ယုံယုံကြည်ကြည် ပံ့ပိုးပေးဖို့လိုပါတယ်။" ဟု ၄င်းကပြောသည်။
ယင်းစီမံကိန်းကြီးလုပ်ဆောင်နေစဉ် ကာလအတွင်း ဘဏ္ဍာငွေများ ဖြတ်တောက်ခံခဲ့ရသည့်အတွက် အခက်အခဲများကြုံတွေခဲ့ရကြောင်း၊ အစိုးရဌာနများအနေဖြင့် ပံ့ပိုးကူညီမှုများယခုထက်ပိုမို လိုအပ်ကြောင်း ဆိုသည်။
" ကျွန်မတို့ကို ဒါလုပ်ပေးပါ ဆိုတာမျိုး အခွင့်အရေးယူတတ်တဲ့သူတော့မဟုတ်ဘူး။ ကျွန်မတို့ကို ဒီအခွင့်အရေးပေးပြီဆိုရင်လည်း ပေးလိုက်တဲ့သူရဲ့ ကျေးဇူး၊ ပေးလိုက်သူရဲ့ image ကို ဆက်ပြီးထိန်းသိမ်းသွားမှာ။ ကျွန်မတို့က အခွင့်အရေး တစ်ခုရရောဆိုပြီးတော့ အနားကိုကပ်ပြီး အခွင့်အရေးတောင်းတတ်တဲ့ အမျိုးအစားထဲမှာ မပါတဲ့အတွက် အခွင့်အရေးရပြီး ကြိုးစားနေတဲ့ အချိန်မှာ ပံ့ပိုးမှုတွေ လျော့ကျသွားမှာ စိုးရိမ်တယ်။ ဒါကြောင့် ဆက်လက်ပြီးတော့ မျှော်လင့်ပါတယ်။" ဟု ၄င်းကဆိုသည်။
Yangon Water Busကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၇ရက်တွင် စတင်ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး နေ့စဉ် ခရီးသည် ၄၀ဝ၀မှ ၆၀ဝ၀ခန့် စီးနင်းလျက်ရှိသည်။ ပြည်ပမှ သင်္ဘောသုံးစင်း၊ပြည်တွင်းမှ သင်္ဘော ခုနစ်စင်းနှင့် မြန်မာ့ရေကြောင်းမှ သင်္ဘောနှစ်စင်းဖြင့် ရန်ကုန်မြစ်အတွင်း ပြေးဆွဲပေးလျက်ရှိသည်။
















