အာဆီယံဖူဆယ်ပြိုင်ပွဲ၌ အုပ်စုဗိုလ်ဖြစ်ရန် မြန်မာအသင်းရည်မှန်း

အာဆီယံဖူဆယ်ပြိုင်ပွဲ၌ အုပ်စုဗိုလ်ဖြစ်ရန် မြန်မာအသင်းရည်မှန်း

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၅ရက်မှ ၁၁ရက်အထိကျင်းပမည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းမှာ အုပ်စုကျပ်အတွင်းကျရောက်နေပြီး အုပ်စုပထမဖြင့်နောက်တစ်ဆင့်တက်ရန် ရည်မှန်းထားကြောင်း နည်းပြချုပ် ဦးဌေးမြင့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ရည်မှန်းထား

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(က)၌ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် အတူကျရောက်လျက်ရှိပြီး အိမ်ရှင်အင်ဒိုနီးရှားနှင့် မလေးရှားအသင်းများကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သည်။ "ကျွန်တော်တို့ အုပ်စုကကျပ်တယ်လို့တော့ ပြောရမှာပါ။ အင်ဒိုနီးရှားတို့ မလေးရှားအသင်းတို့ဆိုတာကလည်း အမြဲတမ်းကန်နေရတဲ့ အသင်းတွေပဲလေ။ မလေးရှား၊အင်ဒိုတို့နဲ့ ကစားရမယ့် ပွဲတွေက အရေးကြီးဆုံးပဲ။ ကမ္ဘောဒီးယားကိုလညး် လျှော့တွက်လို့မရပါဘူး။ တစ်ဖက်အုပ်စုက ထိုင်းနဲ့ဗီယက်နမ်ပဲတက်လာဖို့များတယ်။ နောက်တစ်ဆင့်ကို အုပ်စုပထမနဲ့ တက်နိုင်ဖို့ ရည်မှန်းထားပါတယ်" ဟု ဦးဌေးမြင့်က ပြောဆိုခဲ့သည်။

ပြန်လည်ရောက်ရှိ

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၅ရက်တွင် အိမ်ရှင်အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၀ဦးကိုရွေးချယ်ခဲ့ပြီး အောက်တိုဘာ ၉ရက်မှ ၂၀ရက်အထိ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရရှိခဲ့ပြီး အောက်တိုဘာ ၂၀ရက် ညပိုင်း၌ ပြန်လည်ရောက်ရှိလာခဲ့သည်။



ဖတ်ရှုမှုအများဆုံး