ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ကိုင်ဖုန်းများ လိုက်လံလုယက်သူ လူငယ်သုံးဦးကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် လှိုင်သာယာမြို့နယ်နေသူသိန်းဇော်၊ (၂၀)နှစ်သည် မီးခွက်ဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးပြတ်တစ်ကုံး လာရောက်ရောင်းချခဲ့သည်။
သက်ဆိုင်ရာက မသင်္ကာသဖြင့် အလေးချိန်(၁၀)ပဲ၊ (၃)ရွေးခန့်ရှိ ဆွဲကြိုးပြတ်နှင့်ပတ်သက်၍ မေးမြန်းရာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ တောင်ငူလမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ လုယက် ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ထို့ကြောင့် လှိုင်သာယာမြို့မရဲစခန်းက (ပ) ၃၈၈၆/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ /၅၄ အရအမှုဖွင့် အရေးယူခဲ့သည်။
၎င်းကို သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ လုယက်မှု ကျော်ဇောသတင်းရရှိထားသူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ဖိုးဆယ် (ခ) ဝတုတ်လေး (၁၈)နှစ် နှင့် ဝင်းဇော်(ခ)ရဲရင့် (၂၀)နှစ် တို့ ၂ ဦးကို ဆက်လက် ဖမ်းဆီးခဲ့သည်။
၎င်းတို့(၂)ဦးကို စစ်ဆေးချက်များအရ ဇန်နဝါရီလမှစတင်ကာ လှိုင်သာယာမြို့နယ် အတွင်း လက်ကိုင်ဖုန်းများ လုယက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး လုယက်မှု ၁၃ မှုရှိခဲ့သည်ဟု ဆိုသည်။
၎င်းတို့(၃)ဦး အသုံးပြုခဲ့သော CANDA အမျိုးအစား ဆိုင်ကယ်ကို အမှုဖြင့်ဆက်လက် သိမ်းဆည်းခဲ့သည်။ ၄င်းတို့လုယူခဲ့သည့်လက်ကိုင်ဖုန်း ၁၃ လုံးကိုရောင်းချပေါင်နှံထားသည့်နေရာများမှသက်ဆိုင်ရာက သိမ်းဆည်း ကာ လှိုင်သာယာမြို့မရဲစခန်းနှင့် သောင်ကြီးနယ်မြေ ရဲစခန်းတို့တွင် အမှုများဖွင့်လှစ်အရေးယူခဲ့သည်။

















