မြန်မာအလုပ်သမားများတင်ဆောင်လာသည့် ယာဉ်သည် ထိုင်းနိုင်ငံ မဟာချိုင်မှ မဲဆောက်ဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မီးလောင်ခဲ့ရာ ၁၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့မှု ယနေ့ (အောက်တိုဘာ ၂၁ ရက်နေ့ )က ဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၃ နာရီ မိနစ် ၅၀ခန့်တွင် မောင်းနှင်လာသည့် အံစာတုံးယာဉ်သည် နံနက် ၇ နာရီခန့်တွင် ကံဖယ်ဖစ်ခရိုင် ခေါင်ခွပ်မြို့နယ် လုံစီခုံဒစ်(ချ်)အနီး ကားလမ်းပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခဲ့ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုတွင် မြန်မာနိုင်ငံသား ၉ ဦး (စိစစ်ဆဲ) သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ် ရာများရရှိခဲ့သည်။
ဒဏ်ရာရသူများကို ဆေးရုံသို့တင်ပို့စဉ် ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ အတည်ပြုနိုင်ခဲ့သည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများ က အခင်းဖြစ်နေရာသို့ သွားရောက်၍လိုအပ်သည့် အကူအညီများပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံသား မည်သူမည်ဝါဖြစ်ကြောင်းကို သက်ဆိုင်ရာက စစ်ဆေးကာသတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းကနဦးသတင်းများအရ သိရသည်။

















