ကချင်ပြည်နယ် မံစီမြို့နယ်တွင် အရက်မူးပြီး မိခင်ကို ပြန်အော်သည့် သားဖြစ်သူအား မိခင်က ဓားဖြင့်ခုတ်သတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အောက်တိုဘာ ၁၉ ရက်နေ့တွင် အမှုဖွင့်အရေးယူထားသည်။
အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မံစီမြို့နယ်၊စီကော်ကျေးရွာ ဗောဓိကုန်းနေ ဒေါ်သေး(ခ)ဒေါ်တင်ချယ်သည် တောတွင်းမှ မျှစ်ချိုးပြီး နေအိမ်သို့ ပြန်ရောက်လာသည်။
ထိုစဉ် သားဖြစ်သူ ဖြိုးနိုင်ဝင်း(ခ)မောင်အေးအောင်(၁၉)နှစ်က ထမင်းဟင်းများချက်ပြုတ်ထားခြင်းမရှိသည့် အပြင် အရက်သေစာသောက်စားထားသည်ကို တွေ့ရှိသဖြင့် မိခင်ဖြစ်သူက ဆူပူခဲ့သည်။
ထိုသို့ဆူပူသည်ကို ဖြိုးနိုင်ဝင်း(ခ)မောင်အေးအောင်က ပြန်ခံပြောသဖြင့် စိတ်မထိန်းနိုင်ဖြစ်ပြီး ဒေါ်သေး(ခ)ဒေါ်တင်ချယ်က အိပ်ခန်းဝါးထရံတွင် ချိတ်ဆွဲထားသည့် အရိုးအသွား(၂)ပေခန့်ရှိ ဝါးရိုးတပ်ဓားဖြင့် ခုတ်ခဲ့သည်။
ဖြိုးနိုင်ဝင်း(ခ)မောင်အေးအောင်တွင် လည်ပင်းနှင့် ဇက်ပိုးတို့၌ ဓားဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးခဲ့သောကြောင့် အရေးယူပေးရန် မံစံမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမျိုးသန့်က တိုင်ကြားခဲ့သည်။
မံစီမြို့မရဲစခန်းက (ပ)၄၂/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
















