ကရင်ပြည်နယ်ဘားအံမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက် ည ၆ နာရီ မိနစ် ၅၀ ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ဓာတ်တိုင်နှင့် အဆောက်အဦများ ပျက်စီးခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဘားအံမြို့အမှတ် ၁ ရပ်ကွက် ဆေးရုံလမ်းသုမေဓါရာမ ကြားတောရကျောင်းဘေးရှိလုံးပတ် ၁၂ ပေခန့်ရှိညောင်ပင်ကြီးလဲကျခဲ့ကာ ဘုန်းကြီးကျောင်းအုတ်နံရံပြိုလဲပျက်စီးခဲ့သည်။
ထို့ပြင် အမှတ် ၂ ရပ်ကွက် ဗိုလ်ချုပ်လမ်း ကရင်ပြည်နယ် သစ်တောရုံးရှေ့ရှိ ဗာဒံပင်အကိုင်းကြီးများကျိုးကျခဲ့ပြီး ဓာတ်ကြိုးများပိမိကာ ပြည်နယ်သစ်တောရုံးရှေ့ရှိဓာတ်တိုင်နှင့် လေသာဘုန်းကြီးကျောင်းရှေ့ဓာတ်တိုင်များကျိုးပဲ့ပျက်စီးခဲ့သည်။
အလားတူ အမှတ် ၃ ရပ်ကွက်ကမ်းနားလမ်းအာဇာနည်ကုန်းအောက် မြို့မဘောလုံးကွင်းဘေးရှိ ကုက္ကိုလ်ပင်လည်း အကိုင်းများကျိုးကျခဲ့၍ဓာတ်မီးတိုင်ရှိဓာတ်ကြိုးများအားပိမိခဲ့သည့်အပြင် ဘောလုံးကွင်းဘေးရှိဓာတ်တိုင်နှင့် ဘီအိုစီလမ်းထိပ်ရှိ ဓာတ်တိုင်တစ်တိုင်ကျိုးပဲ့ပျက်စီးခဲ့သည်။
ထို့အတူ အမှတ် ၃ ရပ်ကွက်ရှိ ခရိုင်သစ်တောရုံးဝင်းအတွင်း လုံးပတ် ၄ ပေ ခန့်ရှိ သရက်ပင်တစ်ပင်နှင့် လုံးပတ် ၃ ပေခန့်ရှိ မဟော်ဂနီပင်များ ရုံးဘေးအဆောက်အဦကို မှီလျက်လဲကျခဲ့သည်။ ဘားအံမြို့မရဲစခန်းဝင်းအတွင်းတွင်လည်း ညောင်ပင်ကြီးတစ်ပင်လဲကျခဲ့သဖြင့် ရဲဝန်ထမ်းလူပျို အိပ်ဆောင်ပျက်စီးခဲ့သည်။
ပြိုကျပျက်စီးမှုများကြောင့် သေဆုံး၊ဒဏ်ရာရသူမရှိဘဲ အပျက်အစီးများနှင့် လမ်းပိတ်ဆို့မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်ခဲ့သည်။


















