၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်သဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်တို့ သတိပြုသင့်ဟု မိုး / ဇလ ညွှန်ချုပ်ပြော

၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်သဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်တို့ သတိပြုသင့်ဟု မိုး / ဇလ ညွှန်ချုပ်ပြော

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ယင်းလေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိမည်ဖြစ်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အောက်တိုဘာ ၂၁ ရက်၌ ပြောသည်။ 

" ၂၄ နာရီမှာ ပိုမိုအားကောင်းပြီး မုန်တိုင်းငယ်အဖြစ်ရောက်နိုင်တယ်ပေါ့နော် ။ လက်ရှိမှာ တော့ အနောက်မြောက်ဘက်ကို ရွေ့နေတယ်ပေါ့နော် ။ သင်္ချာပုံစံပြု မော်ဒယ်တွေရဲ့ခန့်မှန်းချက်အရ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းကို ဖျက်ကျော်ဝင်ရောက်နိုင်တယ်။ ဧရာဝတီရော ၊ရခိုင်ရော သတိပြုဖို့လိုတယ်။" ဟု ၎င်းက ပြောသည်။ 

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ၂၄ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း မိုး / ဇလက ထုတ်ပြန်ထားသည်။ 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုသွားလာကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး