ကျောက်တော်မြို့နယ်တွင် သိန်း ၆၀ မပေးလျှင် လင်မယား ၂ ဦးကို လည်လှီးသတ်မည် လူသတ်မရပါက ဆန်စက်မီးရှို့မည်ဟု ခြောက်လှန့်ငွေတောင်းသူများကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကျောက်တော်မြို့ ကွမ်းအုံချောင်း ကျေးရွာနေ ဦးစောလှဖော်က အပေါက်ဝနယ်မြေရဲစခန်းသို့ တိုင်ကြားရာတွင် အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ၎င်းထံသို့ ၂ ကြိမ်တိုင်တိုင် စာပေးပို့ပြီး ခြိမ်းခြောက်ငွေတောင်းခံနေကြောင်း အပေါက်ဝနယ်မြေရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့သည်။
“ငွေသိန်း ၆၀ ကို သင်္ဂနက်ကျေးရွာအနီးရှိ ရထားလမ်းတံတားပေါ်တွင် လာထားရန်၊ ချိန်းဆိုသည့်အတိုင်းငွေကို လာရောက်မထားက စောလှဖော်နှင့် ဇနီးဖြစ်သူ ဒေါ်မသောင်းတို့အား လည်လှီးသတ်ပစ်မည် ဖြစ်ကြောင်း၊ လူကိုသတ်၍မရက ဆန်စက်ကို မီးရှို့မည်ဖြစ်ကြောင်း” ခြိမ်းခြောက်ငွေတောင်းစာတွင် ရေးသားထားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၇ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်၌ သင်္ဂနက် ကျေးရွာအနီးရှိ ရထားလမ်းတံတားပေါ်၌ ငွေထုပ်နှင့် သဏ္ဍာန်တူသော အထုပ် ၁ ထုပ်ကို ပြုလုပ်ချထားပြီး စောင့်ဆိုင်းဖမ်းဆီးစဉ် ထွန်းယိုင် ၃၂ နှစ်ကို ဖမ်းဆီးရမိခဲ့သည်။
၎င်းကို စစ်ဆေးချက်အရ ကွမ်းအုံချောင်းကျေးရွာနေ သန်းရွှေမောင်(၄၆)နှစ်နှင့် မောင်စံသိန်း တို့က အဆိုပါ နေရာ၌ လာရောက်ချထားမည့် အထုပ်ကို စောင့်ဆိုင်းယူဆောင်ပေးပါက ငွေကျပ် သိန်း ၂၀ ပေးမည်ဟု ပြောဆိုစေခိုင်းခဲ့ခြင်းကြောင့် လာရောက်ယူဆောင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
အဆိုပါနေ့ ည ၁၁ နာရီအချိန်တွင် သန်းရွှေမောင်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး မောင်စံသိန်းကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။
အမှုနှင့်ပတ်သက်၍ အပေါက်ဝနယ်မြေရဲစခန်းက(ပ)၅၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရ အမှုဖွင့်အရေးယူထားသည်။
















