မူးယစ်ဆေးသုံးစွဲနေသူ ၁၇ နှစ်နှင့် ၁၈နှစ်အရွယ် လူငယ်ခြောက်ဦး အဖမ်းခံရ

မူးယစ်ဆေးသုံးစွဲနေသူ ၁၇ နှစ်နှင့် ၁၈နှစ်အရွယ် လူငယ်ခြောက်ဦး အဖမ်းခံရ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲနေသူ ၁၇ နှစ်နှင့် ၁၈ နှစ်အရွယ် လူငယ်ခြောက်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့သည်။ 

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၆၉)ရပ်ကွက်ရှိ ထွန်းထွန်းဦး (ခ) အငယ်ကောင် (၁၈)နှစ်နေအိမ်ကို မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်တွင် ထွန်းထွန်းဦး (ခ)အငယ်ကောင်နှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်နေ မျိုးမင်းဦး(ခ)မိုးဒီ (၁၈)နှစ်၊ ချမ်းငြိမ်းကိုကို(ခ) ကုလား (၁၇)နှစ်၊ ရဲခန့်ညီ(ခ)ရန်ပိုင် (၁၇)နှစ်၊ကောင်းမြတ်ကျော် (၁၈)နှစ်နှင့် ဟာကြူလီ (၁၇)နှစ်တို့ ခြောက်ဦးကို မူးယစ်ဆေးသုံးစွဲနေစဉ် ဖမ်းဆီးရမိခဲ့သည်။ 

စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား၊ ဓားဦးချွန်ဓားမြှောင်(၃)ချောင်း၊ ထိပ်ဦးချွန် စတီးပိုက်(၁)ချောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့မရဲစခန်းက မယ(ပ)၃၇/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။