အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။
သေဆုံးသူများထဲတွင် ကလေးခြောက်ဦး ပါဝင်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ အတာဟူလာ ခိုယာနီက ပြောသည်။
အာဖဂန်နစ္စတန်တွင် လွှတ်တော်ရွေးကောက်ပွဲ မဲပေးပွဲများ ဒုတိယနေ့တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ အောက်တိုဘာ ၂၀ ရက်က မဲပေးပွဲ ကျင်းပရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ မဲပေးပွဲဆိုင်ရာ နည်းပညာ ချို့ယွင်းမှုများကြောင့် အချိန်မီ မပြီးစီးခဲ့ဘဲ အောက်တိုဘာ ၂၁ တွင် ဆက်လက်ကျင်းပခြင်းဖြစ်သည်။
ယခု တိုက်ခိုက်မှုကို တာလီဘန်နှင့် အိုင်အက်စ် အကြမ်းဖက်အဖွဲ့တို့အနက် မည်သည့်အဖွဲ့က ကျူးလွန်ကြောင်း မသိရသေးပေ။ လုံခြုံရေး တပ်ဖွဲ့များကို ပစ်မှတ်ထားသော ဗုံးများ၏ဒဏ်ကို အရပ်သား အများအပြားက ခံရလျက်ရှိသည်။
အာဖဂန်တွင် မဲပေးခွင့်ရှိသူ ၈ ဒသမ ၈ သန်းအနက် အောက်တိုဘာ ၂၀ ရက်က ၃ သန်းသည် မဲထည့်ခဲ့ကြကြောင်း လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အဗ္ဗဒူ ဘာဒီ ဆာယတ်က ပြောသည်။ အောက်တိုဘာ ၂၁ ရက် မဲထည့်ပွဲကို မဲရုံ ၄၀၁ ရုံတွင် ဆက်လက်ကျင်းပခဲ့ပြီး မြို့တော် ကဘူးမှ ၄၅ ရုံ ပါဝင်သည်။ မဲရုံများကို ညနေ လေးနာရီတွင် ပိတ်သိမ်းခဲ့ပြီး လာမည့်လတွင် ရလဒ်များ ကြေညာမည်ဖြစ်သည်။
ရွေးကောက်ပွဲနှစ်ရက်တာကာလအတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု ၂၀ဝ ကျော်ကြောင့် အရပ်သား ၂၇ ဦး၊ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ လူ ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။

















