ဗြိတိန်က ဥရောပသမဂ္ဂခွဲထွက်ရန်စီစဉ်မှု( ဘရက်ဇစ်) ကို ဆန့်ကျင်သူထောင်ပေါင်းများစွာသည် အောက်တိုဘာ ၂၀ ရက်တွင် လန်ဒန်မြို့လယ်၌ ချီတက်မှုပြုလုပ်ပြီး ဘရက်ဇစ်ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲသစ်ကျင်းပပေးပြီး အစိုးရက ဥရောပသမဂ္ဂနှင့် ဘရက်ဇစ်အရေးဆွေးနွေးမှုတွင် ထိရောက်စွာပါဝင်ခွင့်ပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
၂၀၁၆ ခုနှစ်တွင် ဘရက်ဇစ်ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီးချိန်မှစ၍ ခွဲထွက်မှုကြောင့် ထိခိုက်နစ်နာမှုများနှင့် ရှုပ်ထွေးမှုများထင်ထားသည်ထက်ပိုမိုများပြားလာနိ်ုင်ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် လိုအပ်လာခဲ့ကြောင်း ဆန္ဒပြပွဲစီစဉ်သူများက ပြောဆိုခဲ့သည်။
နိုင်ငံတစ်ဝန်းမှ ထွက်ခွာလာသည့် ဘတ်စ်ကား ၁၅၀ ဖြင့် ဆန္ဒပြသူများသည် လန်ဒန်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၀ ရက်ဆန္ဒပြပွဲတွင် လူ ၇၀ဝ၀ဝ၀ ခန့်ပါဝင်ခဲ့ကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။ ပြည်သူ့ဆန္ဒမဲ ချီတက်ပွဲဟုလည်း ဆန္ဒပြမှုကို အမည်ပေးထားသည်။
ဝန်ကြီးချုပ်အတွက်ရွေးချယ်စရာတစ်ခုမှာ ဗြိတိန်အတွက် ထိခိုက်နစ်နာစေမည့် ခွဲထွက်မှုသာဖြစ်ကြောင်း ချီတက်ပွဲတွင်ပါဝင်ခဲ့သည့် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ပြောဆိုခဲ့သည်။ ၂၀၁၆ ခုနှစ် ဘရက်ဇစ်ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးနိုင်သည့် အသက်အရွယ်မရောက်သေးသည့် ဗြိတိန်နိုင်ငံသားလူငယ်များအတွက် ချီတက်ခြင်းသာဖြစ်ကြောင်း ခန်းကပြောဆိုခဲ့သည်။ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရန် အဆိုကိုထောက်ခံသူ ၅၂ ရာခိုင်နှုန်းသာရှိခဲ့သဖြင့် မဲအနည်းငယ်ဖြင့် အဆိုအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက နောက်ထပ်တစ်ကြိမ် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပေးမည်မဟုတ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။ ဗြိတိန်သည် ဥရောပသမဂ္ဂမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် နုတ်ထွက်ရန် ကနဦးစီစဉ်ထားသော်လည်း အိုင်ယာလန်သမ္မတနိုင်ငံနှင့် မြောက်အိုင်ယာလန်တို့ကြား အနာဂတ်နယ်စပ်အရေးအပါအဝင် သဘောကွဲလွဲမှုများကြောင့် ဆွေးနွေးမှုများ တိုးတက်မှုမရှိခဲ့ချေ။
ယင်းနယ်စပ်သည် ဘရက်ဇစ်ပြီးနောက် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ထိစပ်နေသည့် တစ်ခုတည်းသော ကုန်းမြေနယ်စပ်ဖြစ်သည်။ အိုင်ယာလန်သည် ဥရောပသမဂ္ဂတွင် ပါဝင်နေမည်ဖြစ်ပြီး မြောက်အိုင်ယာလန်သည် ဗြိတိန်၏တစ်စိတ်တစ်ပိုင်းဖြစ်နေမည်ဖြစ်သည်။
ဘရက်ဇစ်အလွန် အသွင်ကူးပြောင်းရေးကာလအဖြစ် ၂၁ လသတ်မှတ်ပြီး ခွဲထွက်မှု၏ဆိုးကျိုးများမှ သက်သာခွင့်ရရှိရေးလုပ်ဆောင်မည်ဖြစ်ကြောင်း မေက ဘရပ်ဆဲလ်စ်၌ လွန်ခဲ့သောအပတ်အတွင်းပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂညီလာခံတွင် ပြောဆိုခဲ့သည်။

















