ဆော်ဒီသို့ လက်နက်ရောင်းချနေမှု ရပ်ဆိုင်းသင့် မသင့် ဂျာမနီ ချိန်ဆနေ

ဆော်ဒီသို့ လက်နက်ရောင်းချနေမှု ရပ်ဆိုင်းသင့် မသင့် ဂျာမနီ ချိန်ဆနေ

ဝါရှင်တန်ပို့စ် သတင်းသမား ဂျာမယ် ခါရှောဂီသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်ခံခဲ့ရကြောင်း ဆော်ဒီအာရေဗျ အစိုးရက ဝန်ခံခဲ့ပြီးနောက် ဂျာမနီ အစိုးရသည် ဆော်ဒီသို့ လက်နက်များ ရောင်းချနေမှုကို ရပ်ဆိုင်းသင့် မသင့် ချိန်ဆလျက်ရှိကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပြောကြားသည်။ 

"ခါရှောဂီ သေဆုံးမှု စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း၊ အဖြစ်မှန်ကို မသိရမချင်း ဆော်ဒီနဲ့ လက်နက်ရောင်းချမှုကိစ္စ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီး ဟိုင်ကို မားစ်က ပြောသည်။ 
    

ဝါရှင်တန်ပို့စ် သတင်းသမား သေဆုံးမှုနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူရန် ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်ကလည်း ထုတ်ပြန်တိုက်တွန်းထားသည်။

ဆော်ဒီအာရေဗျသည် ဂျာမနီထံမှ လက်နက်အများဆုံးဝယ်ယူသည့် နိုင်ငံလည်းဖြစ်သည်။ အစ္စတန်ဘူလ်မြို့ ကောင်စစ်ဝန်ရုံးအတွင်း ခါရှောဂီ အသတ်ခံရမှုကို ဆော်ဒီသည် ရှေ့ပိုင်းတွင် တောက်လျှောက် ငြင်းဆိုနေခဲ့ပြီးကာမှ ပြီးခဲ့သည့်ရက်ပိုင်းက ဝန်ခံခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအစိုးရအနေဖြင့် ခါရှောဂီ သေဆုံးမှု စုံစမ်းစစ်ဆေးမှုများတွင် ပွင့်လင်းမြင်သာမှုရှိရန်လည်း ဂျာမနီ ဝန်ကြီးချုပ် မစ္စ မာကယ်က တိုက်တွန်းထားသည်။ 
    

ဂျာမနီနှင့် ဆော်ဒီသည် ကာလတာရှည် စီးပွားဖက်နိုင်ငံများဖြစ်ပြီး လက်နက်အရောင်းအဝယ်ကိစ္စသည် နှစ်နိုင်ငံ ကုန်သွယ်ရေး အဓိကလုပ်ငန်းများထဲ၌ ပါဝင်သည်။ ယခုနှစ် မတ်လမှ လက်ရှိအချိန်ထိ ဂျာမနီ အစိုးရသည် ဆော်ဒီသို့ ဒေါ်လာ ၂၉၁ သန်းဖိုး လက်နက်များ ရောင်းချရန် ခွင့်ပြုချက်များ ချထားပေးခဲ့ပြီးဖြစ်ကြောင်းလည်း ဂျာမနီ အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။