၁၉၈၇ တာလတ်ပစ် နျူလက်နက်တားဆီးရေးစာချုပ်ကို ရုရှားချိုးဖောက်၍ အမေရိကန်နုတ်ထွက်မည်ဟု ထရမ့်ဆို

၁၉၈၇ တာလတ်ပစ် နျူလက်နက်တားဆီးရေးစာချုပ်ကို ရုရှားချိုးဖောက်၍ အမေရိကန်နုတ်ထွက်မည်ဟု ထရမ့်ဆို

၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ သဘောတူညီခဲ့သည့် တာလတ်ပစ် နျူကလီးယားလက်နက်များ ထိန်းချုပ်ရေးစာချုပ်ကို ရုရှားက ချိုးဖောက်နေပြီး အမေရိကန်သည် ယင်းသဘောတူစာချုပ်မှ နုတ်ထွက်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၀ ရက်က ပြောဆိုခဲ့သည်။

ရုရှားသည် ယင်းသဘောတူစာချုပ်ကို ချိုးဖောက်နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပြီး စာချုပ်သည် အမေရိကန်အတွက် နျူကလီးယား လက်နက်သစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးထားကြောင်းလည်း ထရမ့်က ပြောဆိုသည်။ 

၁၉၈၇ ခုနှစ်စာချုပ်သည် အမေရိကန်၊ ဥရောပနှင့် အရှေ့ဖျား ဒေသရှိ မဟာမိတ်များ၏လုံခြုံရေးကို ကာကွယ်ရန် အထောက်အကူပြုသည်။ ယင်းစာချုပ်အရ အမေရိကန်နှင့် ရုရှားတို့သည် မိုင် ၃၀ဝ မှ ၃၄၀ဝ အထိ ပစ်ခတ်နိုင်သည့် မြေပြင်အခြေစိုက် ခရုဇ်ဒုံးကျည်များ ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် စမ်းသပ်ပျံသန်းခြင်းတို့ကို တားမြစ်ထားသည်။
    

ရုရှားနှင့်တရုတ်တို့ ပိုင်ဆိုင်ခြင်း သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရန် မပြုရန် သဘောတူထားသည့်လက်နက်များတွင်မူ အမေရိကန်သည် စတင်တိုးတက်လာတော့မည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။
    

၁၉၈၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်၌ ထိုစဉ်က အမေရိကန်သမ္မတ ရော်နယ်ရီဂင်နှင့် ဆိုဗီယက်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး မစ်ခေးလ် ဂေါ်ဘာချက်ဗ်တို့သည် တာလတ်ပစ်လက်နက်များကန့်သတ်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။
    

ယင်းသဘောတူညီချက်အရ မိုင် ၃၀ဝ ကျော်မှ မိုင် ၃၄၀ဝ အထိ ပစ်ခတ်နိုင်သည့် တာတိုပစ်နှင့် တာလတ်ပစ် နျူကလီးယား လက်နက်များ၊ သမားရိုးကျဒုံးကျည်များ အားလုံးကို ပစ်စင်များနှင့်အတူ ဖျက်သိမ်းရမည်ဖြစ်သည်။ ယင်းစာချုပ်တွင် ပင်လယ်ထဲမှ ပစ်လွှတ်သည့် ဒုံးကျည်များမူ ပါဝင်ခြင်းမရှိပေ။ စာချုပ်အရ ၁၉၉၉ ခုနှစ် မေလအထိ ဒုံးကျည်ပေါင်း ၂၆၉၂ စင်း ဖျက်ဆီးခဲ့ပြီး ယင်းဖျက်ဆီးမှုကို ၁၀ နှစ်အတွင်း စစ်ဆေးအသိအမှတ်ပြုပိုင်ခွင့်လည်း ပါဝင်ခဲ့သည်။