ထိုင်ဝမ်၌ လွတ်လပ်ရေးလိုလားသူများ ချီတက်ဆန္ဒပြ

ထိုင်ဝမ်၌ လွတ်လပ်ရေးလိုလားသူများ ချီတက်ဆန္ဒပြ

တရုတ်ပြည်မကြီး၏သြဇာအောက်မှ ခွဲထွက်ပြီး သီးခြားလွတ်လပ်သော ဒေသအဖြစ် တည်ထောင်လိုသူများသည် ထိုင်ဝမ်( တရုတ်တိုင်ပေ) ၏မြို့တော် တိုင်ပေ၌ အောက်တိုဘာ ၂၀ ရက်တွင် စုဝေးပြီး ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့သည်။

ဆိုင်အင်ဝမ် ထိုင်ဝမ်( တရုတ်တိုင်ပေ) သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ တရုတ်သည် ထိုင်ဝမ်( တရုတ်တိုင်ပေ)နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ထိုင်ဝမ်( တရုတ်တိုင်ပေ)သည် တရုတ်၏သြဇာအောက်သို့ လုံးဝကျရောက်လာရေးအတွက် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကိုပြုလုပ်ခဲ့သည်။ 
    

ထိုင်ဝမ်( တရုတ်တိုင်ပေ) တွင် တရုတ်သြဇာပျံ့နှံ့လာခြင်းကို လုံးဝဆန့်ကျင်ပါကြောင်း အသက် ၄၃ နှစ်အရွယ် ဆန္ဒပြသူ ပင် ချန်း-ဝမ်က ပြောဆိုခဲ့သည်။ တရုတ်နှင့် ထိုင်ဝမ်( တရုတ်တိုင်ပေ) ပြန်လည်ပေါင်းစည်းရေးကိုအားပေးထောက်ခံသူများ တရုတ်သို့ ပြောင်းရွှေ့နေထိုင်သင့်ကြောင်း အသက် ၈၅ နှစ်အရွယ် ခရစ်ယာန်ဘုရားကျောင်းတရားဟောဆရာ ကူချန်မင်းက ပြောဆိုခဲ့သည်။
    

ထိုင်ဝမ်( တရုတ်တိုင်ပေ) သားစစ်စစ်သာဖြစ်ချင်ကြောင်း၊ တရုတ်ဖြစ်နေသရွေ့အသုံးမဝင်ကြောင်း၊ ပေါင်းစည်းရေးကိုလိုလားသူများသည် တရုတ်ကိုအထင်ကြီးနေပါက တရုတ်ပြည်မကြီးသို့ ပြောင်းရွှေ့နေထိုင်သင့်ကြောင်း ကူက ပြောဆိုခဲ့သည်။
    

တရုတ်အနေဖြင့် ဒေသတွင်း ပဋိပက္ခများ၏အရင်းအမြစ်မဖြစ်ရေးလုပ်ဆောင်ရန် လိုအပ်နေပြီး တရုတ်၏ရန်လိုမှုများကိုမှ ကာကွယ်ရန် ထိုင်ဝမ်( တရုတ်တိုင်ပေ) ၏ကာကွယ်ရေးကိုတိုးမြှင့်မည်ဖြစ်ကြောင်း ဆိုင်က အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်သည့် အမျိုးသားနေ့အခမ်းအနားတွင်ပြောဆိုခဲ့သည်။

ထိုင်ဝမ်( တရုတ်တိုင်ပေ) ကို ကာကွယ်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ တရုတ်နှင့် ထိပ်တိုက်မဆုံသည့် နည်းလမ်းကိုကျင့်သုံးနေရင်း တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးအတွက် မရှိမဖြစ်လိုအပ်သည့် ဒေသဖြစ်အောင် လုပ်ဆောင်ရေးသာဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
    

တရုတ်နှင့် ထိုင်ဝမ်( တရုတ်တိုင်ပေ) တို့သည် တရုတ်ပြည်တွင်းစစ်ကာလအတွင်း ၁၉၄၉ ခုနှစ်တွင် ကွဲကွာသွားခဲ့သော်လည်း တရုတ်ကမူ ထိုင်ဝမ်( တရုတ်တိုင်ပေ) သည် တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့်ပြန်လည်ပေါင်းစည်းမည့် ဒေသဖြစ်ကာ လိုအပ်ပါကလည်း အင်အားသုံးမည်ဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။