ထိုင်ဝမ်(တရုတ် တိုင်ပေ)၌ ရထားလမ်းချော်တိမ်းမှောက် ၁၈ ဦးသေဆုံး၊ ၁၆၀ ခန့်ဒဏ်ရာရ

ထိုင်ဝမ်(တရုတ် တိုင်ပေ)၌ ရထားလမ်းချော်တိမ်းမှောက် ၁၈ ဦးသေဆုံး၊ ၁၆၀ ခန့်ဒဏ်ရာရ

ထိုင်ဝမ်(တရုတ်တိုင်ပေ)အရှေ့မြောက်ပိုင်း၌ အောက်တိုဘာ ၂၁ ရက်ညနေပိုင်း ခရီးသည်တင်ရထားတစ်စင်း လိမ်းချော်တိမ်းမှောက်ခဲ့ရာ အနည်းဆုံး ၁၈ ဦးသေဆုံးပြီး ၁၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

 တိုင်ပေနှင့် တိုင်တွန်းအကြား ပြေးဆွဲသည့် ယင်းရထားတွင် ခရီးသည် ၃၆၆ ဦးလိုက်ပါလာသည့် တွဲရှစ်တွဲလုံး လမ်းချော်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ရထားတွဲအပြိုအပျက်များထဲတွင် ခရီးသည်ဒါဇင်ချီ ပိတ်မိနေသည်။ ယင်းရထားသည် သက်တမ်းခြောက်နှစ်သာ ရှိသေးပြီး မတော်တဆမှုမဖြစ်ခင်အထိ အလွန်ကောင်းမွန်သည့်အခြေအနေရှိကြောင်း မီးရထားကုမ္ပဏီက ပြောဆိုခဲ့သည်။

 မီးရထားလမ်းချော်တိမ်းမှောက်ရခြင်းအကြောင်းရင်းကိုမူ သဲသဲကွဲကွဲ မသိရသေးပေ။ ကာကွယ်ရေးဌာနက စစ်သည် ၁၂၀ ဦးကို စေလွှတ်၍ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပေးနေသည်။ ထိုင်ဝမ်(တရုတ် တိုင်ပေ)ခေါင်းဆောင် ဆိုင်အင်ဝမ်က အလွန်ကြေကွဲဖွယ်အဖြစ်အပျက်ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ထိုင်ဝမ်(တရုတ် တိုင်ပေ)၏ မီးရထားလမ်းကွန်ရက်တွင် နေ့စဉ်ခရီးသည် ငါးသိန်းကျော် သွားလာနေကြကြောင်း သိရသည်။