အောင်လံမြို့ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲဖြစ်သော ဝါသီးနှံမျိုးသန့်ခြံ နယ်နိမိတ်အတွင်း ကျုးကျော်နေထိုင်သူများ ဖယ်ရှားမပေးပါက တရားစွဲဆိုမည်

အောင်လံမြို့ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲဖြစ်သော ဝါသီးနှံမျိုးသန့်ခြံ နယ်နိမိတ်အတွင်း ကျုးကျော်နေထိုင်သူများ ဖယ်ရှားမပေးပါက တရားစွဲဆိုမည်

သရက်ခရိုင် အောင်လံမြို့ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲဖြစ်သော ဝါသီးနှံမျိုးသန့်ခြံနယ်နိမိတ်အတွင်း ကျုးကျော်နေထိုင်သူများ ကို ဖယ်ရှားမပေးပါက တရားစွဲဆိုမည်ဖြစ်ကြောင်း ဝါသီးနှံမျိုးသန့်ခြံ တာဝန်ခံထံမှ သိရ သည်။

သုံးကြိမ်အထိ

"ဝါသီးနှံမျိုးသန့်ခြံရဲ့ နယ်နိမိတ်ထောင့်တွေမှာ အရင်ခြံမန်နေဂျာ တွေအဆက်ဆက်က ကျွန်းပင်တွေစိုက်ခဲ့ပါတယ်။ အခုဒီဝါခြံရဲ့ အနောက်တောင်ထောင့်မှာ နယ်နိမိတ်အဖြစ် စိုက်ပျိုးထားတဲ့ ကျွန်းပင် ကြီးတွေအောက်နဲ့ လှည်းလမ်းကြားမှာ အလုပ်သမားတွေက ကျူးကျော်တဲ တွေထိုးပြီး နေထိုင်နေတဲ့အတွက် ပြီးခဲ့တဲ့လက စိုက်ပျိုးရေးဌာနရုံးချုပ်နဲ့ သရက် ခရိုင်ဦးစီးဌာနက ညွှန်ကြားချက်အရ ဖယ်ရှားပေးဖို့ ပထမအကြိမ် အသိပေးစာကို စမ်းချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးအသိ သက်သေနဲ့ ကျူးကျော်နေထိုင်သူတွေကို တွေ့ဆုံအသိပေးပြီး လက်မှတ်ထိုးထားပါ တယ်။ သုံးကြိမ်အထိ အသိပေးပြီးလို့မဖယ်ရှားရင် ဥပဒေအရ တရား စွဲဆိုမှာဖြစ်ပါတယ်"ဟု အောင်လံမြို့ ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံ (ဦးစီး အရာရှိ) ဒေါ်ခင်မာစိုးက အောက်တိုဘာ၂၀ ရက်တွင် မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုသည်။

အဆိုပါဝါသီးနှံမျိုးသန့်ခြံမှာ အောင်လံမြို့ တရော်ကုန်းရပ်ကွက် အရှေ့ဘက်တွင် တည်ရှိပြီး ကွင်းအမှတ်၃၂(င) မြို့မကွင်း ဦးပိုင်အမှတ် ၁၈/၁ဖြင့် ဧရိယာဧက၁၄၅ဒသမ ဝ၁ ကျယ်ဝန်းကာ စိုက်ပျိုးရေး ဦးစီးဌာနဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲဖြစ်သော ဝါသီးနှံမျိုး သန့်ခြံ(အောင်လံ)အဖြစ် ဝါသီးနှံများကိုလက်တွေ့စိုက်ပျိုးသုတေသန ပြုနေကြောင်းသိရသည်။

တောင်းဆို

"အရင်ဒီနေရာက အမှိုက်ကုန်းနဲ့ ကလေးသင်္ချိုင်းဖြစ်ပါတယ်။ ဒီနေရာကိုရှင်းလင်းပြီး နေလာတာကြာပါပြီ။ စိုက်ပျိုးမြေနဲ့လည်း လွတ်ပါတယ်။ တစ်အိမ်တစ်ယောက်ခေါ်လို့ရှိရင်လည်း သွားပြီး လုပ် ပေးပါတယ်။ အခု ဖယ်ရှားရမယ်လို့ပြောတဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကူညီဖြေရှင်းပေးပါလို့တောင်း ဆိုပါတယ်" ဟု ကျူးကျော်နေထိုင်သူဆယ်အိမ်မှူး ဦးတင်အောင်က ပြောဆိုသည်။

၎င်းနေရာမှာ အောင်လံမြို့ စမ်းချောင်းရပ်ကွက် အောင်မင်္ဂလာ ကွက်သစ်အနီးတွင်ဖြစ်ကာ ဝါစိုက်ပျိုးရေးခြံ အနောက်တောင်ထောင့် ကျွန်းပင်ကြီးများအောက်၌ ၁၉၉၉ ခုနှစ်က စတင်ကာ နေအိမ်များဆောက် လုပ်နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဝါခြံအတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို နေ့စားလုပ်ကိုင်နေသော လုပ်သားများဖြစ်ကာ အိမ်ထောင်စု ၁၄ စုရှိ ၍ သက်ကြီးရွယ်အိုများ၊ ကျောင်းသားကျောင်းသူများဖြင့် ပြောင်းရွှေ့ ပေးနိုင်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး