ကယားအမျိုးသား စုပေါင်းအဲဒိုပေါ်မီပွဲတော် တောင်ငူတွင်ကျင်းပ

ကယားအမျိုးသား စုပေါင်းအဲဒိုပေါ်မီပွဲတော် တောင်ငူတွင်ကျင်းပ

တောင်ငူခရိုင် တောင်ငူမြို့နယ် ကြူဇောင်း၊ မအူတောကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲဝင်းအတွင်း၌ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက တတိယအကြိမ်မြောက် ကယားအမျိုးသား စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ ဆုတောင်းခြင်းနှင့် ကယား ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအက များဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ်လွှတ်တော်အမတ် က အဖွင့်အမှာစကား ပြောဆိုသည်။

နှုတ်ခွန်းဆက်

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုကျင်းပသည့် အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးများ၏ အလွန်အရေးပါသည့် ရိုးရာယဉ်ကျေးမှု ပွဲတော် တစ်ခုဖြစ်သလို ကယားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တိုင်း သည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားပြီးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေ ဖြင့်လည်း မိမိတို့လူမျိုး၊ မိမိတို့ရိုးရာ၊ မိမိတို့ ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြ သလို တိုင်းပြည်၏အပြောင်းအလဲ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ကြစေလို ကြောင်းနှင့် ကယားလူမျိုးကိုယ်စားလှယ်များ အားလုံး စိတ်နှလုံးအေးချမ်းပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောဆိုခဲ့သည်။

ပေးအပ်

ယင်းနောက် ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး နော်ပွယ်ဆေးနှင့် ကယားလီပုလူငယ်ဥက္ကဋ္ဌတို့ က အမှာစကားပြောဆိုခဲ့ကြသည်။ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော အလှူ ငွေကျပ် ၁၀ သိန်းကို တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး နော်ပွယ်ဆေးက ပေးအပ်ခဲ့ရာ ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အစပျိုး

အဆိုပါပွဲတော်ကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းမြှင့်တင်ရန်နှင့် ကယားအမျိုးသားများအကြား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ရပ်ဝန်းတစ်ခုစုပေါင်း ဖန်တီးနိုင်ရန်၊ အမျိုးသားရေးနှင့်ယဉ်ကျေးမှု အမှတ်လက္ခဏာများ ပြန်လည်ဖော်ထုတ်ရန်၊ ကယားအမျိုးသားတို့၏ ရပ်တည်ချက်ဆိုင်ရာ ဘုံသဘောတူညီမှုများချမှတ်နိုင်ရေး အစပျိုး ခြင်းလုပ်ငန်းများလုပ်ဆောင်သွားရန် ရည် ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး ကယားပြည်နယ် နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ ကယား တိုင်းရင်းသားများစုပေါင်း၍ အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး