နေအိမ်အတွင်း မူးယစ်ဆေးသုံးနေသူ ခုနစ်ဦးကို ဖမ်းမိ

နေအိမ်အတွင်း မူးယစ်ဆေးသုံးနေသူ ခုနစ်ဦးကို ဖမ်းမိ

မိတ္ထီလာမြို့ ကျီတော်ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူ ခုနစ်ဦးကို မူးယစ်တပ်ဖွဲ့က ဝင် ရောက်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်နေ စည်သူမင်းဌေး(ခ)သားကြီး ၂၁ နှစ်နှင့် စည်သူမင်းထက်(ခ)သားငယ် ၂၁ နှစ်တို့၏ နေအိမ်တွင် မူးယစ်ဆေးဝါးသတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့သည်။ 

အဆိုပါနေအိမ်တွင် စည်သူမင်းဌေး(ခ)သားကြီးနှင့် စည်သူမင်းထက်(ခ) သားငယ်တို့နှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ ကျောက်ပန်းတောင်းမြို့နေ မြတ်တိုး ၃၇ နှစ်၊ မိတ္တီလာမြို့နေ ဇင်မင်းထိုက် (ခ)တက်တူး(ခ)ငပိ ၂၇ နှစ်၊ နေလင်းထက် ၂၅ နှစ်၊ ကျော်ထက် ၂၅နှစ်၊ ဟိန်းမင်းစိုး(ခ)ကလီဘိုင် ၂၀ နှစ်တို့သည် နေအိမ်အပေါ်ထပ်မှ ခုန်ချထွက်ပြေးသဖြင့် ခြံဝင်းအတွင်း သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။ 

၎င်းတို့ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ နေအိမ်အပေါ်ထပ် ကြမ်းပြင်ပေါ်မှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား၊ သတင်းစာဖြင့်ထုပ်ပိုးထားသည့် ဆေးခြောက်ဟုယူဆရသည့် အရိုးအရွက်ခြောက်ရောရာ အလေးချိန် ၄၅ ဒသမ ၃၃ ဂရမ်ခန့်၊ အိပ်ခန်းအတွင်း ကြမ်းပြင်ပေါ်မှ အအေးစုပ်ပိုက်ဖြင့်ထည့်ထားသည့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားပါ ၁၈ ချောင်းနှင့် ၆ ပြားပါ ၁ ချောင်း၊ ပေါင်း ၁၈၆ ပြား၊ ပလပ်စတစ်ကပ်ခွာ အိတ်ဖြင့် ထည့်လျက် ဆေးခြောက်ဟုယူဆရသည့် အရိုးအရွက်ခြောက်ရောရာ အလေးချိန် ၁ ဒသမ ၅ ဂရမ်ခန့်၊ စုစုပေါင်း ဆေးပြား ၁၉၅ ပြား၊ စုစုပေါင်း ဆေးခြောက်အလေးချိန် ၄၆ ဒသမ ၈၃ ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။