မြိတ်ခရိုင် ပလမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေအိမ်တစ်ခုအတွင်း အိပ်နေသည့် မိသားစုဝင် ၃ ဦးကို အက်စစ်ဖြင့် အပက်ခံရမှု အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁ နာရီခွဲက ဖြစ်ပွားခဲ့သည်။
ပလမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်က“ဘာကြောင့် အက်စစ်နဲ့ အပက်ခံရတယ်ဆိုတာ တိတိကျကျတော့ မသိရသေးဘူး။ အမှုဖွင့်ဖို့လည်း အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်”ဟု ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် ပလတိုက်နယ်ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေရာမှ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် လွှဲပြောင်း ဆေးကုသမှုခံယူနေရကြောင်း ဇရပ်ဆိပ် နာကူနှင့် ချမ်းမြေ့ ကျန်းမာရေး အထောက်အကူပြု အဖွဲ့က အတည်ပြုခဲ့သည်။
ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်ပြည်သူ့ဆေးရုံကြီး၌ သွားရောက် မေးမြန်းရာ တာဝန်ကျ ဆရာဝန်များမှ လူနာရှင်များ၏ မှတ်တမ်းနှင့် သတင်းအချက်အလက်များ မေးမြန်းခွင့် မပြုခဲ့ပေ။
မြိတ်ပြည်သူ့ဆေးရုံကြီးတွင် အက်စစ်ဖြင့် အပက်ခံရသည့် ဒေါ်ကြူမွေး၊ သမီး မအင်ကြင်းနှင့် မသဒ္ဒါလင်းတို့ ၃ ဦးသည်၊ အရေးပေါ်ဌာနတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း လူနာရှင်များ၏ မိသားစုဝင် အသိုင်းအဝိုင်းက ဆိုသည်။
















