ဆူဇူးကီးပြိုင်ပွဲတွင်ချီးမြှင့်မည့် ချန်ပီယံဖလားအား မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၃ရက်တွင် ပြသမည်

ဆူဇူးကီးပြိုင်ပွဲတွင်ချီးမြှင့်မည့် ချန်ပီယံဖလားအား မြန်မာနိုင်ငံ၌ အောက်တိုဘာ ၂၃ရက်တွင် ပြသမည်

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ဆူဇူကီးဖလားပြိုင်ပွဲတွင် ချီးမြှင့်မည့် ချန်ပီယံဆုဖလားအား ဒေသတွင်းနိုင်ငံများတွင် လှည့်လည်ပြသလျက်ရှိရာ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၃ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။

ဖော်ပြထား

အဆိုပါချန်ပီယံဆုဖလားအား မြန်မာပလာဇာတွင် နံနက်၁၀နာရီမှစတင်၍ ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ တက်ရောက်ကြမည်ဖြစ်သည်။ ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းမှာ ကာတာနိုင်ငံတွင် လေ့ကျင့်ခြေစမ်းလျက်ရှိသဖြင့် ယင်းအခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်ပေ။ အဆိုပါအခမ်းအနားသို့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း မျိုးလှိုင်ဝင်းတက်ရောက်မည်ဟု အေအက်ဖ်အက်ဖ် ဆူဇူကီးပေ့ချ်၌ ဖော်ပြထားသည်။

ရောက်ရှိလာမည်

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင်ချီးမြှင့်မည့် ဆူဇူကီးချန်ပီယံဆုဖလားကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် စတင်ပြသခဲ့ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တို့တွင် ပြသခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ပရိသတ်များလည်း လာရောက်အားပေးကြည့်ရှုနိုင်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် ဂိမ်းအစီအစဉ်များလည်း ပါဝင်မည်ဟု သိရသည်။

လက်ခံကစားမည်

ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင်ဘာ ၈ရက်မှ ဒီဇင်ဘာ ၁၅ရက်အထိကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင် ဗီယက်နမ်၊မလေးရှား၊ကမ္ဘောဒီးယား၊ လာအိုအသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။ ပြိုင်ပွဲဝင်အသင်များသည် အုပ်စုတွင်းပွဲစဉ်များကို အိမ်ကွင်းနှစ်ပွဲ၊အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားအသင်းများကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ဗီယက်နမ်နှင့်ပွဲစဉ်ကို သုဝဏ္ဏကွင်း၌လည်းကောင်း၊ ကမ္ဘောဒီးယားနှင့်ပွဲစဉ်ကို မန္တလာသီရိကွင်း၌လည်းကောင်း လက်ခံကစားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး