ကိုးနှစ်တာတည်ဆောက်ခဲ့ပြီးနောက် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်၊ မကာအိုတို့ကို ဆက်သွယ်သည့် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားကို ဖွင့်လှစ်တော့မည်ဖြစ်သည်။
အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ကုန်ကျခဲ့သည့် တံတားသစ်အတွက် ဖွင့်ပွဲအခမ်းအနားကို ဇူဟိုင်းတွင် အောက်တိုဘာ ၂၃ ရက်၌ဖွင့်လှစ်ရာတွင် ဟောင်ကောင်၊ မကာအိုတို့မှ ထိပ်တန်းအရာရှိများနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်တက်ရောက်ရန် မျှော်လင့်ရသည်။
အောက်တိုဘာ ၂၄ ရက်တွင် အများပြည်သူသွားလာခွင့် ပြုတော့မည့်တံတားသစ်သည် ၅၅ ကီလိုမီတာ(၃၄ မိုင်) ရှည်လျားပြီး မူလက ၂၀၁၆ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းခဲ့သော်လည်း နှောင့်နှေးခဲ့ရသည်။
ယင်းတံတားသည် တရုတ်တောင်ပိုင်းတစ်ခွင် စတုရန်းကီလိုမီတာ ၅၆၅၀ဝ နှင့် ဟောင်ကောင်၊ မကာအိုအပါအဝင် မြို့ကြီး ၁၁ မြို့၊ လူဦးရေစုစုပေါင်း ၆၈ သန်းကို လွှမ်းခြုံမိစေပြီး ကြီးကျယ်သည့်ပင်လယ်အော်ဧရိယာစီမံကိန်းအတွက် အဓိကကျသည်။
ဟောင်ကောင်နှင့် အနောက်ပိုင်းပုလဲ မြစ်ဝကျွန်းပေါ်ဒေသအကြား သုံးနာရီကြာ သွားလာရမှုကို မိနစ် ၃၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။ ဟောင်ကောင်မှ ကိုယ်ပိုင်ကားများမူ အထူးခွင့်ပြုချက်ရမှ ဖြတ်သန်းခွင့်ရမည်ဆိုသည်။ ယင်းတံတားဆောက်ခြင်းကြောင့် တရုတ်ပြည်မကြီးမှ ခရီးသည်များလှမ့်ဝင်လာမည်ကို ဟောင်ကောင်ဘက်မှ စိုးရိမ်ခဲ့သည်။
တံတားကို သံမဏိတန်ချိန် ၄၀ဝ၀ဝ၀ ဖြင့်တည်ဆောက်ခဲ့ရာ ဆန်ဖရန်စစ္စကိုမှ ဂိုးလ်ဒင်းဂိတ်တံတားထက် သံမဏိသုံးစွဲမှု လေးဆခွဲ ပိုများသည်။ ပြင်းအား အဆင့် ၈ ငလျင်၊ စူပါတိုင်ဖွန်းနှင့် ဧရာမကုန်သင်္ဘောများ ဝင်တိုက်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိသည်။

















