သြစတြေးလျ၌ ကလေးသူငယ်လိင်မှုအနိုင်ကျင့်ခံရသူများအတွက် ဝန်ကြီးချုပ်မော်ရစ်ဆန် ပါလီမန်တွင် နိုင်ငံတော်အဆင့် တောင်းပန်

သြစတြေးလျ၌ ကလေးသူငယ်လိင်မှုအနိုင်ကျင့်ခံရသူများအတွက် ဝန်ကြီးချုပ်မော်ရစ်ဆန် ပါလီမန်တွင် နိုင်ငံတော်အဆင့် တောင်းပန်

သြစတြေးလျနိုင်ငံ၌ ကလေးသူငယ်လိင်မှု အနိုင်ကျင့်ခံခဲ့ရသူများကို ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ပါလီမန်ရှေ့မှောက်တွင် နိုင်ငံတော်အဆင့် တောင်းပန်စကား ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၁ ရက်၌ ဝန်ကြီးချုပ်က ယင်းသို့ စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းပြောစဉ် ကင်ဘာရာမြို့သူ့မြို့သားထောင်ချီစုဝေး နားဆင်ခဲ့ကြသည်။

ဆယ်စုနှစ်များအတွင်း သြစတြေးလျ၌ ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် အားကစားကလပ်ကဲ့သို့ အဖွဲ့အစည်းကြီးများအတွင်း ကလေးသူငယ်များ ၁၇၀ဝ၀ ကျော်အထိ လိင်မှု အနိုင်ကျင့်စော်ကားခံခဲ့ရသည့် အထောက်အထားများကို လေးနှစ်တာ စုံစမ်းစစ်ဆေးမှုအတွင်း ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် အမျိုးသားအဆင့် တောင်းပန်ခဲ့ခြင်းဖြစ်သည်။
    

နောက်ဆုံးတော့ မိမိတို့ကလေးများ၏ အော်ဟစ်ငိုကြွေးသံများပျောက်ဆုံးနေခဲ့ရသည်ကို အသိပေးနိုင်ပြီဟုဆိုကာ စော်ကားခံရသူများကို တောင်းပန်သည့် မော်ရစ်ဆင်က ကလေးများ၏ခံစားနာကျင်မှုကို လျစ်လျူရှုခဲ့သည့် အဖွဲ့အစည်းများကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။ တရားရေးစနစ်သည် မတရားမှုကို မျက်ကွက်ပြုခဲ့သည်လော၊ အဖြစ်မှန် ပေါ်ပေါက်ရန် အဘယ့်ကြောင့် ဤမျှကြာမြင့်ခဲ့သနည်းဟူ၍လည်း မေးခွန်းထုတ်ခဲ့သည်။
    

အတိုက်အခံခေါင်းဆောင် ဘီလ်ရှော့တန်ကလည်း အမှားများဖြင့် အမှန်ပြုလုပ်၍မရကြောင်း၊ သို့သော် ယနေ့တွင် သြစတြေးလျနိုင်ငံတော်သည် ဝမ်းနည်းကြောင်းတောင်းပန်ခဲ့ရပြီဟု ပါလီမန်တွင် ပြောဆိုခဲ့သည်။ ယင်းနောက် ပါလီမန်အမတ်များသည် လိင်မှုအနိုင် ကျင့်ခံရသည့်ကလေးများအတွက် မတ်တပ်ရပ်ပြီး တစ်မိနစ်တာမျှ ငြိမ်သက်ခဲ့သည်။
    

အနိုင်ကျင့်ခံခဲ့ရသူများက အစိုးရ၏ စုံစမ်းစစ်ဆေးအရေးယူမှုနောက်ကျခြင်းကို ဝေဖန်ခဲ့ကြသည်။ လျော်ကြေးပေးမှု အစီအစဉ် နှောင့်နှေးခြင်းကိုလည်း ပြစ်တင်ခဲ့ကြသည်။ အနိုင်ကျင့်ခံခဲ့ရသူများသည် လျော်ကြေးအဖြစ် တစ်ဦးလျှင်  သြစတြေးလျ ဒေါ်လာ ၁၅၀ဝ၀ဝ(အမေရိကန်ဒေါ်လာ ၁၀၆၀ဝ၀) တောင်းခံခွင့်ရှိသည်။
    

မော်ရစ်ဆန်က အနိုင်ကျင့်ခံခဲ့ရသူများ၏ ဇာတ်ကြောင်းများကို အမှတ်တရအတွက် အမျိုးသားပြတိုက်တစ်ခု ထူထောင်ရန်လည်း အကြံပြုခဲ့သည်။