မက္ကဆီကိုနယ်စပ်၌ပိတ်မိနေသည့် ရွှေ့ပြောင်းများ အမေရိကန်သို့ ဦးတည်သွားလာမှု ပြန်လည်စတင်

မက္ကဆီကိုနယ်စပ်၌ပိတ်မိနေသည့် ရွှေ့ပြောင်းများ အမေရိကန်သို့ ဦးတည်သွားလာမှု ပြန်လည်စတင်

ဗဟိုအမေရိကနိုင်ငံများမှနေ၍ အမေရိကန်ပြည်ထောင်စုသို့ ဦးတည်ထွက်ခွာခဲ့သည့် ထောင်ချီသော ရွှေ့ပြောင်း အခြေချလိုသူများသည် မက္ကဆီကိုတောင်ပိုင်းနှင့် ဂွာတီမာလာနယ်စပ်၌ ပိတ်မိနေခဲ့ရာမှ ခရီးပြန်လည်စတင်ခဲ့သည်။

အောက်တိုဘာ ၂၁ ရက်အစောပိုင်းမှစ၍ ကြီးမားသည့် ရွှေ့ပြောင်းအုပ်စုကြီးသည် မက္ကဆီကိုနယ်စပ်မြို့ ချီအူဒက် ဟီဒါလ်ဂိုမှ ခြေလျင်ခရီးစတင်ခဲ့သည်။

နှစ်နိုင်ငံဖြတ်သန်းသည့် နယ်စပ်တံတားတွင် ၄င်းရွှေ့ပြောင်းများကို ရပ်တန့်ရန် မက္ကဆီကိုအာဏာပိုင်များက ကြိုးပမ်းခဲ့သည်။ သို့သော် အချို့ရွှေ့ပြောင်းများက လှေများဖြင့် ဆူချီအာတီမြစ်ကိုဖြတ်သန်း၍ မက္ကဆီကိုတွင်း တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။
    

ရွှေ့ပြောင်းအများစုသည် ဟွန်ဒူရပ်စ်မှဖြစ်ပြီး အကြမ်းဖက်မှုများနှင့် ဆင်းရဲတွင်းမှဝေးရာသို့ ထွက်ပြေးခြဲ့ခင်းဖြစ်ပြီး အမျိုးသမီးများနှင့်ကလေးများ ပါဝင်ကြသည်။ ရွှေ့ပြောင်း ၂၀ဝ၀ ခန့်သည် လက်များမြှောက်ပြလျက် ခရီးဆက်ရန် ဆုံးဖြတ်ထားကြောင်းပြောဆိုခဲ့သည်။ မက္ကဆီကိုအာဏာပိုင်များသည် ရွှေ့ပြောင်းအုပ်စုငယ်အချို့၏ ခိုလှုံခွင့်ရှာဖွေလိုမှုကို လက်ခံခဲ့ပြီး ၄င်းတို့အတွက် ၄၅ ရက်တာ အလည်အပတ်ဗီဇာထုတ်ပေးခဲ့သည်။

အချို့ရွှေ့ပြောင်းများက ဂွာတီမာလာအာဏာပိုင်များ၏စည်းရုံးမှုဖြင့် ဟွန်ဒူရပ်စ်သို့ပြန်ရန် စီစဉ်ပေးသည့်ကားများပေါ် တက်ခဲ့ကြသည်။
    

မိမိတို့ရပ်တည်ရှင်သန်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကူညီစေလိုကြောင်း ရွှေ့ပြောင်းအချို့က မီဒီယာများကို ပြောဆိုခဲ့သည်။ ထရမ့်ကမူ ရွှေ့ပြောင်းများလှည့်ပြန်ရန် ထပ်မံသတိပေးလိုက်ပြီး အမေရိကန်နယ်စပ်ကို ပိတ်ပစ်လျက် ရွှေ့ပြောင်းများဖြတ်သန်းမှုကိုခွင့်ပြုသည့်နိုင်ငံများအား အကူအညီဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ရွှေ့ပြောင်းများ၏လှုပ်ရှားမှုသည် နိုင်ငံရေးရည်ရွယ်ချက်ပါကြောင်း၊ ဒီမိုကရက်များ အရှက်ရစရာဖြစ်ကြောင်းလည်း ထရမ့်က မှတ်ချက်ပြုခဲ့သည်။
    

ဂွာတီမာလာ၊ အဲလ်ဆာဗေဒိုနှင့် ဟွန်ဒူရပ်စ်နိုင်ငံများ၏ လူဦးရေ ၁၀ ရာခိုင်နှုန်းခန့်သည် အန္တရာယ်များ၊ အဓမ္မလက်နက်ကိုင် လူသစ်စုခြင်းနှင့် စီးပွားရေးအခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် နိုင်ငံကိုစွန့်ခွာခဲ့ကြပြီးဖြစ်သည်။ လူသတ်မှုနှုန်းသည် ဟွန်ဒူရပ်စ်၌ လူတစ်သိန်းလျှင် ၆၃ ယောက်နှုန်း၊ အဲလ်ဆာဗေဒို၌ ၁၀၈ ယောက်နှုန်းခန့် အသီးသီးရှိကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။